skip to content

နေပြည်တော်၊ဇူလိုင်လ(၁၆)ရက်။

အရှေ့တောင်အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂ဝ)ကြိမ် မြောက် အရှေ့တောင်အာရှ အသက်(၂ဝ) နှစ်အောက် (အမျိုးသား) ဘော်လီဘော (20th South East Asian Men's U-20 Volleyball Championship 2018) ပြိုင်ပွဲကို ယနေ့ နေ့လည် (၁၂:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများ၊ ဘော်လီဘောအားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယင်းနောက် တတိယလုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရာ မြန်မာအသင်း (ခ)  မှ မလေးရှားအသင်းကို (၂၅-၂၁)၊ (၂၂-၂၅)၊ (၂၅-၁၄) (၂၇-၂၅)ဖြင့် လည်းကောင်း၊ နေ့လည် (၂:၀ဝ) နာရီအချိန်တွင် ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရာ ထိုင်းအသင်း မှ မြန်မာအသင်း (က) ကို (၂၅-၁၉)၊ (၁၅-၂၅)၊ (၂၂-၂၅) (၂၅-၂၁) (၁၅-၁၃) ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

အဆိုပါ ပြိုင်ပွဲများအပြီးဆုပေးပွဲကို ဆက်လက်ကျင်းပရာ “တန်ဖိုးအရှိဆုံး” အားကစားသမားဆု ရရှိသောထိုင်းအသင်းမှ Han Su Pho Sut Ti Pong ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်ကောင်း၊ နှစ်သိမ့်ဆုရရှိသော မလေးရှား အသင်းကို မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌဦးသိန်းဝင်းမှလည်းကောင်း၊ တတိယဆုရရှိသော မြန်မာအသင်း (ခ)  ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ ဒုတိယဆုရရှိသော မြန်မာအသင်း(က) ကိုအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လည်းကောင်း၊ ပထမဆုရရှိသော ထိုင်းအသင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


back to top Eng