skip to content
 
နေပြည်တော်၊ နိုဝင်ဘာ (၁၅)ရက်။
 
မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကတ်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈းဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက် ညျွန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် ဘတ်စကတ်ဘော အားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးနိုင်မည့် ထူးချွန် ထက်မြက်သော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဘတ်စကတ်ဘော အားကစားနည်း အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားရေးအတွက် မိမိတို့ဌာနအနေဖြင့် ပြည်ပနိုင်ငံများသို့ ဒိုင်လူကြီးသင်တန်းများ၊ နည်းပြဆရာသင်တန်း များကို စေလွှတ်တက်ရောက်စေခဲ့ပြီး နည်းစနစ်ပိုင်းဆိုင်ရာနှင့် ဥပဒေပိုင်းဆိုင်ရာများကို ပြန်လည် ပို့ချပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် ဘတ်စကတ်ဘောအားကစားနည်း ပိုမိုတိုးတက်လာမှာဖြစ်ပါကြောင်း၊ ဘတ်စကတ်ဘောအားကစားနည်းသည် အရပ်အမောင်းမြင့်မားမှု၊ ကိုယ်လုံး ကိုယ်ထည်ထွားကျိုင်းမှု၊ လျှင်မြန်ဖြတ်လတ်မှု၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ပါ  ဘက်စုံပြည့်စုံမှ ထူးချွန်သည့် အားကစားနည်း ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အားကစားသမားများ အနေဖြင့် အစွမ်းကုန်ကြိုးစား ကစားကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်ဒိုင်လူကြီးများ အနေဖြင့်လည်း ဘက်လိုက်မှု ကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်း၊စည်းကမ်းများအတိုင်း တရားမျှတစွာ ဆောင်ရွက်စေလိုကြောင်း၊ ယခုပြိုင်ပွဲမှ တစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော ဘတ်စကတ်ဘော အားကစားသမားကောင်းဖြစ် အောင်ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြားရင်း ၂ဝ၁၇ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကတ်ဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
 
 
ယင်းနောက် အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာ ဇော်လင်းထွဋ်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘတ်စကတ်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား  လိုက်လံနှုတ်ဆက်ကြပြီးနောက် အမျိုးသား အုပ်စုပြိုင်ပွဲအဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါ ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကတ်ဘောပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ အမျိုးသား(၁၄)သင်း၊ အမျိုးသမီး(၁ဝ)သင်းတို့မှ အားကစားသမား စုစုပေါင်း (၂၆၇)ဦးတို့သည် နိုဝင်ဘာ(၁၅)ရက်နေ့မှ (၂၁)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစား ရုံ(ြ)၌် နေ့စဉ် နံနက်(၉းဝဝ)နာရီအချိန်မှစတင်ပြီး အမျိုးသား၊ အမျိုးသမီး အုပ်စုပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။
 

back to top Eng