skip to content
 
ရန်ကုန်၊ အောက်တိုဘာလ( ၄ )ရက်။
 
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လူငယ်များ ကြက်တောင် အားကစားနည်းကို စိတ်ပါဝင်စားမှုရှိစေရေးနှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂ဝ၁၇ခုနှစ်၊ အာရှလူငယ်အသက်(၁၇)နှစ်အောက်နှင့်အသက်(၁၅)နှစ်အောက် တံခွန်စိုက်ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်(၈)နာရီခွဲ အချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ ၌ကျင်းပရာ  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အားကစား နှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ ဦးအောင်ပိုင်၊ ဒုတိယဥက္ကဋ ဒေါက်တာမြလေးစိန်နှင့်အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
 
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ ကွင်းအတွင်း ဝင်ရောက်နေရာယူပြီးနောက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ကအဖွင့်အမှာစကားပြောကြားရာတွင် ၂ဝ၁၇ခုနှစ်၊ အာရှလူငယ်အသက်(၁၇)နှစ်အောက်နှင့်အသက်(၁၅)နှစ်အောက် တံခွန်စိုက်ကြက်တောင်ပြိုင်ပွဲ ကို ကျင်းပခြင်းဖြင့် အာရှနိုင်ငံများအကြား ကြက်တောင်အားကစားနည်း တိုးတက်ဖွံ့ဖြိုးလာပြီး အိမ်ရှင်မြန်မာနိုင်ငံအနေဖြင့်လည်း အတွေ့အကြုံကောင်းများ များစွာရရှိမှာဖြစ်ပါတယ်။ ပြိုင်ပွဲ ဝင်အသင်းများကြား ရင်းနှီးချစ်ကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် နားလည်မှုများ တိုးပွားလာစေမှာဖြစ်ပါတယ်။ ၄င်းအပြင် လာရောက်ကြည့်ရှုအားပေးကြသည့် မျိုးဆက်သစ်လူငယ်များအနေဖြင့်လည်း ပြိုင်ပွဲကို စိတ်ပါဝင်စားပြီး အားကစားကိုချစ်မြတ်နိုးသော ကစားသမားများပေါ်ထွန်းလာမည်ဟုယုံကြည်ပါကြောင်း။အာရှကြက်တောင်အဖွဲ့ချုပ်မှ လာရောက်ဆောင်ရွက်ပေးသော တာဝန်ရှိပုဂ္ဂိုလ်များ၏ ဦးဆောင်မှုနှင့်ပံ့ပိုးမှုတို့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအားလုံး မိမိကိုယ်စားပြုတိုင်းပြည်အတွက် အကောင်းဆုံးရလဒ်များ ရရှိအောင်ပြိုင်ပွဲများကိုယှဉ်ပြိုင်ကြပြီး ကမ္ဘာ့အဆင့်ကြက်တောင်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသော အားကစားသမားများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြမည်ဟုယုံကြည်ပါကြောင်းပြောကြားခဲ့သည်။
 
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ ဦးအောင်ပိုင်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကာ ပြိုင်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီးနောက်ပြိုင်ပွဲဝင် အသင်းများကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး ပထမနေ့ ပြိုင်ပွဲများစတင်ကျင်းပခဲ့ပါ သည်။
 
 
အဆိုပါပြိုင်ပွဲသို့ အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ သီရိလင်္ကာ၊ တရုတ်(တိုင်ပေ)၊ ဂျပန်၊ ဟောင်ကောင်၊ မကာအို၊ အိန္ဒိယ၊ နီပေါ နိုင်ငံတို့မှ စုစုပေါင်းပြိုင်ပွဲဝင်ဦးရေ (၃၂၈)ဦး ပါဝင်ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ယနေ့ပြိုင်ပွဲတွင်   နံနက်(၉)နာရီမှ ည(၉)နာရီအထိ တစ်ဦးချင်းပြိုင်ပွဲပေါင်း(၁၂၂)ပွဲ၊ သြဂုတ်လ(၅)ရက်နေ့တွင် နံနက်(၉)နာရီမှ ည(၈)နာရီအထိနှစ်ယောက်တွဲပြိုင်ပွဲပေါင်း(၁၁၄)ပွဲ၊ သြဂုတ်လ(၆)ရက်နေ့ တွင်နံနက်(၉)နာရီမှည(၈)နာရီအထိပြိုင်ပွဲပေါင်း(၈၈)ပွဲနှင့် ကွာတာဖိုင်နယ်များ၊ သြဂုတ်လ (၇)ရက်နေ့တွင်နေ့လည်(၁)နာရီမှ ညနေ(၆)နာရီခွဲအထိ  ဆီးမီးဖိုင်နယ်များ၊ သြဂုတ်လ(၈) ရက်နေ့ နေ့လည်(၁)နာရီမှ ညနေ(၆)နာရီခွဲအထိ ဖိုင်နယ်နှင့်ဆုပေးပွဲများကျင်းပ သွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။
 

back to top Eng