skip to content
 
ရန်ကုန်၊ ဒီဇင်ဘာလ(၅)ရက်။
 
မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲများကျင်းပပေးခြင်းသည် မသန်စွမ်းအားကစားသမားများရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်လာစေရေး၊ ပြည်တွင်းအားကစားပွဲများမှတစ်ဆင့် နိုင်ငံတကာပြိုင်ပွဲတွေကို တက်လှမ်း ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံကိုယ်စားပြု မသန်စွမ်းအားကစားများပေါ်ထွက်လာစေရေးကို ရည်ရွယ်၍ ယနေ့နံနက် (၇)နာရီက ရန်ကုန်မြို့၌ဖွင့်လှစ်သော ၂ဝ၁၇-ခုနှစ်၊ (၂၉)ကြိမ်မြောက် မြန်မာ နိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများအားကစားပြိုင်ပွဲ၊ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်ကာ ယခုဖွင့်လှစ်သော မသန်စွမ်းသူများ အားကစားပြိုင်ပွဲသည် အကြိမ် (၂၉)ကြိမ်မြောက်ဖွင့်လှစ်ပေးခဲ့ပြီး ယခုပြိုင်ပွဲမှ မသန်စွမ်းအားကစားသမားကောင်းများ ရှာဖွေဖော်ထုတ်ကာ (၂ဝ၁၉)ခုနှစ် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမည့် (၁ဝ)ကြိမ်မြောက်အရှေ့တောင် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲအတွက်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပစေကာ အလားအလာရှိသော ကစားသမားများကို ဆက်လက်လေ့ကျင့်ပေးသွားမည်ဖြစ်သည့်အတွက် မသန်စွမ်းအားကစားသမားများအနေဖြင့် ယခုပြိုင်ပွဲမှာ အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားကြပါ၊ မသန်စွမ်းအားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးခြင်းဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မသန်စွမ်းသူများအားလုံး မိမိနှင့်သက်ဆိုင်သည့် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စေပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မြင့်မားလာစေမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် အနေဖြင့် နိုင်ငံတကာ ပြိုင်ပွဲများ ဖြစ်သည့် အရှေ့တောင်အာရှ ဒေသတွင်းပြိုင်ပွဲများ၊ အာရှအဆင့်၊ အရှေ့အာရှနှင့် တောင်ပစိဖိတ် နိုင်ငံများ အဆင့်ပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေကာ နိုင်ငံတကာပြိုင်ပွဲ(၂၂)ကြိမ်မှာ ရွှေတံဆိပ်(၂၈)ခု၊ ငွေတံဆိပ်(၂၇)ခု၊ ကြေးတံဆိပ်(၂၃၄)ခု၊ စုစုပေါင်း (၇၈၆)ခုနှင့် အထူးဆု(၁)ဆုတို့ရရှိခဲ့ပြီး နိုင်ငံတော်အတွက် စွမ်းဆောင်ပေးနိုင်ခဲ့သည့် အတွက် များစွာ ဂုဏ်ပြုပါကြောင်း ဖြင့်ပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
 
 
ဆက်လက်ပြီး ပြေးခုန်ပစ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသား/ အမျိုးသမီး ဒူးအောက်တစ်ဖက်ပြတ် မီတာ(၁ဝဝ)အပြေးပြိုင်ပွဲ၊ ပေါင်ရင်းတစ်ဖက်ပြတ် မီတာ (၁ဝဝ) အပြေးပြိုင်ပွဲ၊ အမျိုးသမီး/အမျိုးသား မျက်မမြင် မီတာ (၁ဝဝ)အပြေးပြိုင်ပွဲ၊ ဒူးအောက်တစ်ဖက်ပြတ်/ပေါင်ရင်းတစ်ဖက်ပြတ် (သံလုံးပစ်၊ သံပြားပစ်၊ လှံသံပစ်)ပြိုင်ပွဲများနှင့် မီတာ(၄ဝဝ/၈ဝဝ) ဝှီးချဲပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာသိပ္ပွံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌများနှင့် အမှုဆောင်များက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့သည်။
 
အဆိုပါပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ဘိုးလင်း၊ ဘိုစီယာ၊ ဂိုးဘော(မျက်မမြင်)၊ စစ်တုရင်၊ ဝှီးချဲဘတ်စကတ်ဘော၊ မြားပစ်၊ အလေးမ၊ (၇)ယောက်တစ်ဖက် ဘောလုံး၊ ထိုင်လျက်ဘော်လီဘော၊ ဂေါက်သီး အားကစားပြိုင်ပွဲများကို အဖွဲ့ချုပ်မှ သတ်မှတ် ထားသောနေ့တွင် မြောက်ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် အားကစားလေ့ကျင့်ရေးစခန်း၌ကျင်းပသွားမည်ဖြစ်သည်။
 
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့််အတူ ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၁၈)ရက်နေ့အထိ ထိုင်းနိုင်ငံတွင်ကျင်းပမည့် အသက်(၁၆) နှစ်အောက် ခရစ်ကတ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့လူငယ်ခရစ်ကတ်အသင်းမှ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများအားလည်းကောင်း၊ ဒီဇင်ဘာလ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပမည့် ပိုးလမ်းမဖလား တရုတ်-အာဆီယံ စားပွဲတင်တင်းနစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်မှ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများအားလည်းကောင်း တွေ့ဆုံကာ သြဝါဒအားပေး စကားပြောကြားခဲ့သည်။
 
ဆက်လက်ပြီး ပြည်ပနိုင်ငံများသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် စားပွဲတင်တင်းနစ်နှင့် ခရစ်ကတ်အသင်းမှ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများအား တစ်ဦးချင်း မိတ်ဆက် ပေးပြီး ၊ မြန်မာ နိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော်နှင့် ခရစ်ကတ် အသင်း အုပ်ချုပ်သူ တို့က ပြိုင်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် မိမိတို့ယှဉ်ပြိုင်မည့် အားကစား နည်းအလိုက် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
 
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အဖွဲ့ချုပ်များအနေဖြင့် ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် အကောင်းဆုံးနှင့် နည်းစနစ်ကောင်းများ စံချိန်စံñွှန်းများ တိုးတက်အောင် ကြိုးစားယှဉ်ပြိုင်စေလိုကြောင်း ပြိုင်ပွဲအသင်းများ၏ အားသာချက်များကို နည်းပြများမှ မှတ်တမ်းတင်ကာ မိမိအားကစားသမားများကို နည်းစနစ်/ နည်းဗျူဟာများကိုလေ့လာ မှတ်သားပြီး ပြန်လည်အသုံးချ ယှဉ်ပြိုင်စေလိုကြောင်း၊ ဖိတ်ခေါ်ပြိုင်ပွဲများနှင့် အခြားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲတိုင်းကို အလေးထား ကြိုးစားယှဉ်ပြိုင်စေလိုပြီး အဆင့်တစ်ခုရရှိအောင် ကြိုးစားစေလိုကြောင်းဖြင့် အားပေး စကားပြောကြားကာ ပြိုင်ပွဲဝင်အားကစားသမားများအား တစ်ဦးချင်းနှုတ်ဆက် အားပေး ခဲ့ကြောင်းသတင်းရရှိသည်။
 

back to top Eng