skip to content
 
နေပြည်တော်၊ ဒီဇင်ဘာ(၂၆)ရက်။
 
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သော လူငယ်၊လူရွယ်များဖြစ်ပေါ်လာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိပြီး ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လည်(၃:ဝဝ) နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိ တင်းနစ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ပါမောက္ခ ဒေါက်တာခင်မောင်မောင်သန်း နှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင် အသင်း အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် တိုင်းဒေသကြီး နှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် ထူးချွန်ထက်မြက်သော လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွက် လာစေရန်အတွက် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာ့တင်းနစ်အားကစားသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်နိုင်ဆုများရရှိခဲ့သည့် အားကစားနည်းဖြစ်ပြီး နိုင်ငံအတွင်း၌လည်း လူကြိုက်များရေပန်းစားသည့် ကစားနည်းဖြစ်ကြောင်း၊ တင်းနစ် အားကစားမောင်/မယ်များသည် လျှင်မြန်မှု၊ တိကျသေချာမှု၊ သက်လုံကောင်းမှု၊ ခံနိုင်ရည်ရှိမှုနှင့် လေ့ကျင့်သားပြည့်ဝမှု ရှိလာအောင်လည်း ကြိုးပမ်းအားထုတ်ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ဒိုင်လူကြီးများအနေနှင့်လည်း စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုပြိုင်ပွဲများမှတဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်မည့် လက်ရွေးစင် အားကစားကောင်းများ ဖြစ်လာအောင်   ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြပါဟု တိုက်တွန်း မှာကြားကာ ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲကို ဖွင့်လှစ် ပေးခဲ့သည်။
 
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်နှင့် တာဝန် ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီးနောက် အမျိုးသားအသင်းလိုက် ပြိုင်ပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးရှိ အမျိုးသား(၁၂)သင်း၊ အမျိုးသမီး(၄)သင်း အားကစားသမား စုစုပေါင်း (၉၄)ဦးတို့သည် ဒီဇင်ဘာ(၂၆)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ တင်းနစ်အားကစားကွင်း၌ နေ့စဉ် နံနက်(၈းဝဝ)နာရီအချိန်တွင် စတင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် တင်းနစ် အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

back to top Eng