skip to content
 
နေပြည်တော်၊ ဒီဇင်ဘာလ(၂၇)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ့အားကစားအစဉ်အမြဲ တိုးတက်စေရေးနှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန်ရည်ရွယ် ဖွင့်လှစ် ထားသော အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊တောင်ကြီး) ကျောင်းများ၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈:ဝဝ) အချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီအထွေထွေအတွင်းရေးမှူး၊အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲဝင်ကျောင်းသားများအနေဖြင့် ဆုရရှိမှုကို အဓိကမထားဘဲ စံချိန်/စံညွှန်းများကောင်းမွန်ရေးကိုသာ အဓိကထားစေလိုကြောင်း၊ ဒိုင်လူကြီး များအနေဖြင့်လည်း တရားမျှတပြီးမှန်ကန်စွာဆောင်ရွက်ကြစေလိုကြောင်း ပြောကြားကာ အား/ကာသိပ္ပံ ကျောင်းများပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
 
ဖွင့်ပွဲအပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြေးခုန်ပစ်ပြိုင်ပွဲများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အမျိုးသမီး မီတာ (၅ဝဝဝ) ပြိုင်ပွဲတွင် ယခင်စံချိန် (၁၉) မိနစ် (၅၈.၄၅) စက္ကန့်ကို ယခုနှစ်တွင် ထားသဥ္ဇာအေး အား/ကာသိပ္ပံ(မန္တလေး)မှ (၁၉)မိနစ် (၂ဝ.၂၉)စက္ကန့်ဖြင့်စံချိန်သစ်တင်ခဲ့သည်။ အမျိုးသားမီတာ(၅ဝဝဝ)ပြိုင်ပွဲတွင် ယခင်စံချိန် (၁၆)မိနစ် (၅၂.၈၃)စက္ကန့်ကို ယခုနှစ်တွင် မိုင်းကျော်ထွန်း အား/ကာသိပ္ပံ(တောင်ကြီး)မှ (၁၆)မိနစ် (၂၈.၉၈)စက္ကန့်ဖြင့် စံချိန်သစ်တင်ခဲ့သည်။
 
 
ဆက်လက်၍ ဘောလုံးပြိုင်ပွဲ(ကျား/မ)၊ ဂျူဒိုပြိုင်ပွဲ(ကျား/မ)၊ စက်ဘီးပြိုင်ပွဲ(ကျား/မ)၊ ကရာတေးဒိုပြိုင်ပွဲ(ကျား/မ)၊ ဘော်လီဘောပြိုင်ပွဲ(ကျား/မ)၊ ဖူဆယ်ပြိုင်ပွဲ(ကျား/မ)၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ(ကျား/မ)၊ တိုက်ကွမ်ဒိုပြိုင်ပွဲ(ကျား/မ)၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ(ကျား/မ)များအား သက်ဆိုင်ရာ အားကစားကွင်း/ရုံ အသီးသီး၌ ယှဉ်ပြိုင်ကစားကြပြီး ပြေးခုန်ပစ်၊ ဖူဆယ်၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ဂျူဒိုပြိုင်ပွဲများတွင် ဆုရရှိသော အားကစားသမားများအားတာဝန်ရှိသူများမှ ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
 
 
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊  မော်လမြိုင်၊ တောင်ကြီး) ကျောင်းများအားကစားပြိုင်ပွဲများကို (၂.၁.၂ဝ၁၈)ရက်နေ့အထိ နေ့စဉ်နံနက်(၇)နာရီခွဲမှ စတင်ပြီး သက်ဆိုင်ရာအားကစားကွင်း/ရုံအသီးသီး၌ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်သည်။ အဆိုပါ အာားကစားပြိုင်ပွဲများတွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊  မော်လမြိုင်၊ တောင်ကြီး) ကျောင်းများမှ အားကစားသမားစုစုပေါင်း (၂ဝဝဝ)ခန့် သည် အားကစားနည်း(၂၁)နည်းတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကစားကြကြောင်း သတင်းသိရှိရသည်။
 

back to top Eng