skip to content

နေပြည်တော်၊ ဇွန်(၈)ရက်။         

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ်ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ပြီး နောက်ဆုံးနေ့ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို ပြိုင်ပွဲများအပြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်၊ ဥက္ကဌဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

နောက်ဆုံးနေ့ ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသား (-၆၆)ကီလိုတန်းပြိုင်ပွဲကို လရောင်ရှန် (ရန်ကုန်) နှင့် ခွန်ရကောက်(ကယား)တို့ ယှဉ်ပြိုင်ကစားရာ ခွန်ရကောက်(ကယား)မှလည်းကောင်း၊ အမျိုးသား(-၈၁)ကီလိုတန်းပြိုင်ပွဲတွင် ပိုင်ပိုင်(ရန်ကုန်)နှင့် ကောင်းသန့်ထက်(ပဲခူး) တို့ယှဉ်ပြိုင် ကစားရာ ကောင်းသန့်ထက်(ပဲခူး)မှလည်းကောင်း၊ အမျိုးသမီး(-၅၇)ကီလိုတန်းပြိုင်ပွဲကို ခင်မမ(ရန်ကုန်)နှင့် သဲသိမ့်သိမ့်သူ(ဧရာဝတီ)တို့ ယှဉ်ပြိုင်ကစားရာ သဲသိမ့်သိမ့်သူ(ဧရာဝတီ)မှ လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

ပြိုင်ပွဲအပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသမီး (-၄ဝ)ကီလိုတန်း၊ (-၄၅)ကီလိုတန်း၊ (-၄၈)ကီလိုတန်းတွင် ဆုရရှိသူများအား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးဝှေ့တင်းမှလည်းကောင်း၊ (-၅၂)ကီလိုတန်း၊ (-၅၇)ကီလိုတန်း၊ (-၆၃)ကီလိုတန်းပြိုင်ပွဲတွင် ဆုရရှိသူများအား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်ငွေမှ လည်းကောင်း၊ (-၇ဝ)ကီလိုတန်း၊ (-၇၈)ကီလိုတန်း၊ (+၇၈)ကီလိုတန်းပြိုင်ပွဲတွင် ဆုရရှိသူများအား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်သန်းထွန်းမှ လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး အမျိုးသား (-၄၅)ကီလိုတန်း၊ (-၅ဝ)ကီလိုတန်း ပြိုင်ပွဲတွင်ဆုရရှိကြသူ များအား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်၊ အမှုဆောင် ဦးဌေးအောင်မှလည်းကောင်း၊ (-၅၅)ကီလိုတန်း၊ (-၆ဝ)ကီလိုတန်း ပြိုင်ပွဲတွင်ဆုရရှိကြသူများအား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်၊ အမှုဆောင် ဦးသန်းမောင်မှလည်းကောင်း၊ (-၆၆)ကီလိုတန်း၊ (-၇၃)ကီလိုတန်း ပြိုင်ပွဲတွင် ဆုရရှိကြသူများအား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်၊ ဒုတိယဥက္ကဌ ဦးဌေးအောင်မှလည်းကောင်း၊ (-၈၁)ကီလိုတန်း၊ (-၉ဝ) ကီလိုတန်းတွင် ဆုရရှိကြသူများအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊ (-၁ဝဝ)ကီလိုတန်း၊ (+၁ဝဝ)ကီလိုတန်းပြိုင်ပွဲ တွင် ဆုရရှိကြသူများအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး အမျိုးသမီးအကောင်းဆုံးကစားသမားဆုရရှိသော (-၆၃)ကီလိုတန်းမှ နွယ်နီပွင့်လှိုင်(ရန်ကုန်) နှင့် (-၆ဝ)ကီလိုတန်းမှ  အမျိုးသားအကောင်းဆုံးကစားသမားဆုရရှိသော  စောရှိန်းထက်အောင်(မန္တလေး)တို့အား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းမှ လည်းကောင်း၊

ဆက်လက်ပြီး ရွှေ (၂)၊ ငွေ(၁)၊ ကြေး(၃)ဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိကြသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ရွှေ (၃)၊ ငွေ(၁)၊ ကြေး(၁)ဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ ရွှေ(၃)၊ ငွေ(၃)၊ ကြေး(၂) ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ပေးအပ်ချီးမြင့်ခဲ့ကြောင်း သတင်းရရှိပါသည်။


back to top Eng