skip to content
 
နေပြည်တော်၊ မတ်လ(၃)ရက်။
 
အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့်အောင်မြင်မှုများယခုထက်ပိုမိုရရှိစေရန်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမား  လူငယ်များ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက် များတွင် အခြေခံအားကစားသင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂ဝ၁၈ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ၊ သင်တန်းနည်းပြများနှင့် တာဝန်ခံဆရာ/ ဆရာမများ၊ သင်တန်းသား/သင်တန်းသူ များ တက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ နွေရာသီသင်တန်းတက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများမှ အားကစားနည်းအလိုက် ကွင်းအတွင်း ဝင်ရောက်နေရာယူကြ ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူတစ်ရပ်လုံးကျန်းမာကြံ့ခိုင်ပြီး နိုင်ငံအတွက် အောင်မြင်မှုများရယူနိုင်သော မျိုးဆက်သစ်လူငယ်အားကစားသမား များပေါ်ထွက်လာရန်ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊  လူငယ်လူရွယ်များ နွေရာသီအားလပ်ရက်ကိုအကျိုးရှိစွာ အသုံးချတတ်ပြီး ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပညာရေးနှင့်အားကစားပေါင်းစပ်ကာ နှစ်စဉ်နွေရာသီကျောင်းပိတ်ရက်များတွင် နွေရာသီအခြေခံအားကစားသင်တန်းများကို ရန်ကုန်၊နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ခရိုင်၊ မြို့နယ်များတွင် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ မိဘများအနေဖြင့် မိမိတို့၏ရင်သွေးငယ်များကို ပညာရေးတွင်သာမက အားကစားပါ ထူးချွန်ထက်မြက်သော လူရည်ချွန်များ ဖြစ်ပေါ်လာစေရန်အတွက် ယခုလို အားကစားသင်တန်းများတွင် တက်ရောက်သင်ကြားနိုင်ရေးကို အထူးအားပေးကြစေလိုကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့်လည်း အခြေခံအားကစားနည်းတစ်ရပ်ရပ်ကို လေ့လာလိုက်စားရာမှ ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံတော်မှ အားကိုးအားထားပြုရသော ထူးချွန်ထက်မြက်သည့် အားကစားသမား များဖြစ်ပေါ်လာမှာဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသားအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြင့်မားအောင်လုပ်ဆောင်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတစ်ခုတည်းဖြင့်သာ တာဝန်ယူဆောင်ရွက်၍မရနိုင်ဘဲ နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ ဝန်ကြီးဌာနအားလုံး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့များအားလုံး၊ အားကစားဝါသနာရှင်များ၊ စေတနာရှင်အလှူရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များအပါအဝင် ပြည်သူတစ်ရပ်လုံး လက်တွဲပူးပေါင်းမှသာ အောင်မြင်မှုရရှိလာမှာဖြစ်ကြောင်း၊ ရန်ကုန်၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်၊ မြို့နယ်များတွင် ဖွင့်လှစ်သင်ကြားမည့် နွေရာသီအခြေခံ အားကစားသင်တန်းများတွင် အားကစားအဖွဲ့ချုပ်များမှ ကျွမ်းကျင်ပညာရှင်များက လာရောက်သင်ကြားပြသပေးမှာ ဖြစ်သည့်အတွက် သင်တန်းသား/ သင်တန်းသူများမှလည်း ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ဖြစ်လာအောင်ကြိုးစားကြစေလိုကြောင်း၊ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် အဘက်ဘက်မှ တာဝန်ယူကူညီဆောင်ရွက်ပေးကြသော ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားရင်း ၂ဝ၁၈ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းကို ဖွင့်လှစ်ပေးပါသည်။
 
ယင်းနောက် အားကစားနည်းအလိုက် သင်တန်းသားများမှ အားကစားအဓိဌာန်ကို ရွတ်ဆိုကြပါသည်။ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများမှ နွေရာသီသင်တန်း အထောက်အကူပြုအားကစားပစ္စည်းများနှင့် ထောက်ပံ့ချီးမြှင့်ငွေ များအား ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်မှ ပညာရေးမှူးများနှင့် အားကစားအဖွဲ့များမှ သရုပ်ပြ ကိုယ်စားလှယ်တစ်ဦး၊ နည်းပြကိုယ်စားလှယ်တစ်ဦး၊ ဘင်ခရာအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦး တို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အားကစားနည်းအလိုက် သင်တန်းသား/ သင်တန်းသူများသည် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွါသွားကြပါသည်။
 
 
ထို့နောက် အားကစားအဖွဲ့ (တိုက်ကွမ်ဒို၊ ကျွမ်းဘား၊ ဝူရှူး) များမှ လက်ရွေးစင်ကစားသမားများနှင့် မျိုးဆက်သစ်လူငယ်ကစားသမားများက အားကစားနည်းအလိုက် သရုပ်ပြသတင်ဆက်ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ယနေ့ဖွင့်လှစ်သော ပြည်ထောင်စုနယ်မြေနေပြည်တော် နွေရာသီအားကစားသင်တန်းကို အားကစားနည်း (၈)နည်းဖြင့် သင်ကြားမှာပြီး သင်တန်းသား/ သင်တန်းသူ (၄ဝဝဝ)ကျော်ခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ အားကစားနည်း (၈)နည်းမှာ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ဘောလုံး၊ မြန်မာသိုင်း၊ ကရာတေးဒိုနှင့် ဝူရှူးတို့ဖြစ်ပြီး ဖေဖော်ဝါရီလ(၂၃)ရက်နေ့မှ မတ်(၆)ရက်နေ့အထိ တွင် ပထမအသုတ်နှင့် ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှ မတ်လ(၁၂)ရက်နေ့အထိ ဒုတိယအသုတ်အဖြစ် ဖွင့်လှစ်မှာဖြစ်ပြီး ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ အခြေခံကျောင်းများနှင့် မြို့နယ်အားကစားကွင်းများ၌ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။
 
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ အားကစားဝါဿနာရှင်ပြည်သူများသည် ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်းရှိ အားကစားကွင်း/ရုံများ၊ အားကစားပြတိုက်(စိတ်ဓာတ်မြ§င့်တင်ရေးခန်းမ)သို့ သွားရောက်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများမှလိုက်လံရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng