skip to content
 
နေပြည်တော်၊ စက်တင်ဘာလ (၂ဝ) ရက်။ 
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့ညနေ(၃)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း တက်ရောက်ကြည့်ရှုအားပေးပါသည်။
 
အဆိုပါ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမျိုးသား လွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဘောလုံးဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြပါသည်။ 
 
 
ပြိုင်ပွဲကိုယှဉ်ပြိုင်ကစားကြရာ တတိယလုပွဲစဉ်အဖြစ် ကယားပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ကယားပြည်နယ်အသင်းမှ ကချင်ပြည်နယ်အသင်းကို (၄)ဂိုး(၂)ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းတို့ယှဉ်ပြိိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းမှ တနင်္သာရီတိုင်းဒေသကြီးကို (၅)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားပါသည်။
 
 
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အကောင်းဆုံးဂိုးသမားဆုရရှိသွားသော ကျောနံပါတ်(၁)စိုင်းဆိုင်ဖ(ကယား)၊ နောက်တန်း အကောင်းဆုံးအားကစားသမားဆု ရရှိသွားသော ကျောနံပါတ် (၃) စိုးဝင်း(ကရင်)၊ အလယ်တန်းအကောင်းဆုံးအားကစားသမားဆုရရှိသွားသော ကျောနံပါတ်(၁ဝ) ညီညီ (ကချင်)၊ ရှေ့တန်းအကောင်းဆုံးအားကစားသမားဆုရရှိသွားသော ကျောနံပါတ်(၁ဝ) ကျော်ဇေယျာလင်း(တနင်္သာရီ)နှင့် ပွဲစဉ် တစ်လျှောက်အကောင်းဆုံး အားကစားသမား ဆုရရှိသွားသော ကျောနံပါတ်(၁၁)သန်းကိုသန်း(ကရင်)တို့အား ငွေသားဆုများကို မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ လည်းကောင်း၊ တတိယဆုရရှိသွားသော ကယားပြည်နယ်အသင်းအား ငွေသားဆုနှင့်တစ်ဦးချင်း ဆုတံဆိပ်များကို ကရင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် မှ လည်းကောင်း၊ ဒုတိယဆုရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်းအား ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ လည်းကောင်း၊ ပထမဆုရရှိသွားသော ကရင်ပြည်နယ်အသင်းအား ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များအပြင် အမျိုးသားတံခွန်စိုက်ဆုဖလားကို အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းမှ လည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။
 

back to top Eng