နေပြည်တော်၊ဇူလိုင်လ(၃၁)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်၂ဝ၁၈ခုနှစ် အာရှကလပ် အမျိုးသားဘော်လီဘော (2018 Asian Men's Club Volleyball Championship) ပြိုင်ပွဲ ပွဲစဉ်များအား ယနေ့ နံနက်(၁၁:ဝဝ)နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား(B) ရုံ နှင့် (C) ရုံတို့၌ ယှဉ်ပြိုင်ကစားရာ ထိုင်းအသင်းမှ သြစတေးလျအသင်းကို (၂၅-၁၇)၊ (၂၅-၁၉)၊ (၁၈-၂၅)၊ (၂၅-၂၂) ဖြင့် လည်းကောင်း၊ နေ့လည် (၁၃:၃ဝ) နာရီအချိန်တွင် အီရန်အသင်းမှ ဂျပန်အသင်းကို (၂၅-၂၂)၊ (၂၅-၂၂)၊ (၃၄-၃၂) ဖြင့်လည်းကောင်း၊ သီရိလင်္ကာအသင်းမှ ဟောင်ကောင်အသင်းကို (၂၅-၁၂)၊ (၂၅-၁၂)၊ (၂၅-၁၇) ဖြင့်လည်းကောင်း၊ ညနေ (၁၆:ဝဝ) နာရီအချိန်တွင် ပါကစ္စတန် အသင်းမှ မြန်မာအသင်းကို(၂၆-၂၄)၊ (၂၅-၁၉)၊ (၂၅-၁၆) ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပြီး ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိရာ အဆိုပါပြိုင်ပွဲများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူများ ကြည့်ရှု့အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၁.၈.၂ဝ၁၈)ရက်နေ့ ပွဲစဉ်များအဖြစ် နံနက်(၁၁:ဝဝ) နာရီအချိန်မှစ၍ သီရိလင်္ကာ အသင်းနှင့် ထိုင်းအသင်းတို့သည်လည်းကောင်း၊ (၁၃:၃ဝ) နာရီ အချိန်တွင် ဂျပန်အသင်း နှင့် ကာဇက်စတန်အသင်းတို့သည်လည်းကောင်း၊ သြစတေးလျအသင်း နှင့် ဟောင်ကောင်အသင်း တို့သည်လည်းကောင်း၊ ညနေ (၁၆:ဝဝ)နာရီအချိန်တွင် တရုတ်အသင်းနှင့် ဗီယက်နမ်အသင်း တို့သည်လည်းကောင်း၊ ပါကစ္စတန်အသင်းနှင့် တာကစ်မင်နစ္စတန်အသင်း တို့သည်လည်းကောင်း ဝဏ္ဏသိဒ္ဓိအားကစား (B) ရုံ နှင့်(C) ရုံ တို့၌ အသီးသီးယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။