skip to content

နေပြည်တော်၊ မေ(၂)ရက်။         

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်တို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သောလူငယ်/လူရွယ်များဖြစ်ပေါ်လာစေ ရေး၊ စစ်တုရင် အားကစားနည်းကို ယခုထက် ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပွဲစဉ်များကို ယနေ့နံနက် (၉:ဝဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြနှင့်   အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက်   ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ မျိုးဆက်သစ်လူငယ် စစ်တုရင်ကစားသမား များ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သော စစ်တုရင်အားကစားသမားကောင်းများ ရရှိရေးတို့အတွက် ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ အားကစားနယ်ပယ်များတွင် အားကစားနည်းအများစုသည် ကိုယ်လက်လှုပ်ရှားမှုကို အခြေခံထားပြီး ကစားကြတာကို တွေ့ရပြီး စစ်တုရင်အားကစားနည်းမှာတော့ စိတ်ပိုင်းဆိုင်ရာကို အခြေခံထားပြီး ကစားရသည့်အားကစားနည်းဖြစ်သည့်အတွက် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုကို အဓိကထားပြီး ယှဉ်ပြိုင်ကစားရသော အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ ပင်ကိုယ် အရည်အသွေးထက်မြက်သည့် မြန်မာလူမျိုးများနှင့် လိုက်ဖက်လှသည့် အားကစားနည်း ဖြစ်ပြီး ကမ္ဘာ့အဆင့် စစ်တုရင်ပြိုင်ပွဲများအထိ ထိုးဖောက်ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သော မြန်မာအားကစား သမားများလည်း ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မီ စစ်တုရင်အားကစားသမားများ စဉ်ဆက် မပြတ်ပေါ်ထွက်လာစေရေးအတွက် ယခုလို တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲများမှ ထူးချွန် ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများကို ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများသည် မိမိတို့ ကိုယ်စားပြုသော တိုင်းဒေသကြီးနှင့်ပြည်နယ် ဂုဏ်ကိုမြှင့်တင်ပြီး အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစားမှတစ်ဆင့် ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ဆောင်သွားကြစေလိုကြောင်း၊ မိမိတို့၏ တစ်ဦးချင်းအရည်အချင်းများကို အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် မြန်မာ့လက်ရွေးစင် စစ်တုရင်အသင်းကြီး အတွက် အင်အားဖြည့်တင်းပေးနိုင်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်တုရင်ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီးနောက် အပြည်ပြည်ဆိုင်ရာစစ်တုရင်နှင့် မြန်မာ့ရိုးရာ စစ်တုရင် တစ်ဦးချင်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးရှိ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁ဝ)သင်းနှင့် အမျိုးသမီးအသင်း (၈)သင်း၊ အားကစားသမား စုစုပေါင်း(၂၂၃)ဦးတို့သည် မေလ (၂)ရက်နေ့မှ မေလ(၉)ရက်နေ့ အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ နေ့စဉ် နံနက်(၉:ဝဝ)နာရီ  အချိန်တွင် အပြည်ပြည်ဆိုင်ရာ စစ်တုရင် အလွတ်တန်းပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အသက် (၂ဝ) နှစ်အောက်ပြိုင်ပွဲ၊ မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် စစ်တုရင်အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။

 


back to top Eng