skip to content

နေပြည်တော်၊ဇူလိုင်လ(၁၃)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပရာ ယနေ့နောက်ဆုံးပွဲစဉ်များအဖြစ် အမျိုးသမီး (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၏ တတိယလုပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းကို (၂:ဝ) ဖြင့်လည်းကောင်း ၊ ဗိုလ်လုပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းကို   (၂:ဝ)ဖြင့်လည်းကောင်း၊ အမျိုးသား (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၏ တတိယလုပွဲတွင် နေပြည်တော်အသင်းမှ ကချင်ပြည်နယ်အသင်းကို (၂:ဝ)ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်း (၂:၁)ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါ သည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသမီး(၄) ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲတွင် ဆုရရှိကြသော ပထမ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဒုတိယ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် တတိယ မကွေးတိုင်းဒေသကြီးအသင်းတို့အား ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှလည်းကောင်း၊ အမျိုးသား(၄) ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် ဆုရရှိကြသော ပထမ ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တတိယ ကချင်ပြည်နယ်အသင်း တို့အား ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးမှလည်းကောင်း၊ အမျိုးသမီး(၃) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ဆုရရှိကြသော ပထမ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယ ကရင်ပြည်နယ်အသင်းနှင့် တတိယ ရန်ကုန်တိုင်းဒေသကြီးအသင်း တို့အား ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ လည်းကောင်း၊ အမျိုးသား(၃) ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် ဆုရရှိကြသော ပထမ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယ မန္တလေးတိုင်းဒေသကြီးအသင်း နှင့် တတိယ နေပြည်တော်အသင်းတို့အား ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ်မှလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ပြီး  အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသွားသော ကရင်ပြည်နယ်အသင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလား နှင့် စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိသွားသော ပဲခူးတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဆုများချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။


back to top Eng