skip to content

နေပြည်တော်၊ဇူလိုင်လ(၁၂)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲများအဖြစ် ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ အမျိုးသား (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းကို(၂:ဝ)ဖြင့် လည်းကောင်း၊ နေပြည်တော်အသင်းမှ ရှမ်းပြည်နယ်အသင်းကို(၂:၁)ဖြင့်လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီးအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်း(၂:ဝ)ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ် အသင်းမှ ကရင်ပြည်နယ်အသင်းကို(၂:၁)ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။

အမျိုးသမီး (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းကို(၂:၁)ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အသင်းမှ တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၂:ဝ)ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို (၂:၁)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မွန်ပြည်နယ်အသင်းကို(၂:၁)ဖြင့်လည်းကောင်း၊ အကြိုဗိုလ်လုပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၂:ဝ)ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂:ဝ)ဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိခဲ့ပါသည်။

အဆိုပါပြိုင်ပွဲများ၏ ဗိုလ်လုပွဲများကို (၁၃.၇.၂ဝ၁၈) ရက်နေ့ နံနက် (၉:ဝဝ) နာရီအချိန် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသူ မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရပါသည်။

 


back to top Eng