နေပြည်တော်၊ မေ(၃ဝ)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များဖြစ်ပေါ်လာစေရေး၊ ဘော်လီဘောအားကစားနည်းကို ယခုထက် ပိုမိုတိုးတက် ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ အမျိုးသမီးဗိုလ်လုပွဲပွဲစဉ်ကို ယနေ့ နံနက်(၈:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ စတင်ယှဉ်ပြိုင်ကစားလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကယာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။
ယနေ့အမျိုးသမီးဗိုလ်လုပွဲပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့ယှဉ်ပြိုင်ကစားရာ ရှမ်းပြည်နယ်အသင်းမှ ရမှတ်(၂၅-၁၆)မှတ်၊ (၂၅-၁၉)မှတ်၊ (၂၅-၁၂)မှတ်၊ (၃)ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်း သတင်းရရှိသည်။
အဆိုပါ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောပြိုင်ပွဲ အမျိုးသား ဗိုလ်လုပွဲ ပွဲစဉ်ကို (၃၁.၅.၂ဝ၁၈)ရက် နံနက်(၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင်စားသောမိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။