skip to content
 
ရန်ကုန်၊မတ်လ(၁၂)ရက် ။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊  အားကစားနှင့်ကာယပညာဦးစီးဌာန၊အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များမှာ နွေရာသီအခြေခံ အားကစား သင်တန်းများကို နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်ပေးလျက်ရှိပြီး လူငယ်လူရွယ်များအနေဖြင့် နွေရာသီ အားလပ်ရက်တွင် အားကစား လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး  ဗလငါးတန်ဖြင့်ပြည့်စုံ သောနိုင်ငံ့ သားကောင်း/သမီးကောင်းများဖြစ်လာစေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားအားကစား ပြိုင်ပွဲရုံ၌ ၂ဝ၁၈ ခုနှစ်၊ နွေရာသီ အခြေခံအားကစား သင်တန်းများအား ဖွင့်လှစ်ပေးခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း နှင့်တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊  အားကစားနှင့်ကာယပညာ ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများအခြေခံပညာ ဦးစီးဌာနမှ ဆရာ/ဆရာမများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဌနှင့် အတွင်းရေးမှူးများ ၊ နွေရာသီသင်တန်းသား/သင်တန်းသူများတက်ရောက်ကြသည်။
 
ရှေးဦးစွာ  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင်နွေရာသီအားလပ်ရက်များတွင် လူငယ်လူရွယ်များ အနေဖြင့် အားကစား သင်တန်းများ တက်ရောက်ပြီး အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမား များမှသည် နိုင်ငံ့ဂုဏ်ဆောင်အဆင့်အထိ အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် အမျိုးသားအားကစားလှုပ်ရှားမှုကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားစည်းရုံးဆောင်ရွက်ရန် (Mass Sports)၊ မြန်မာ့အားကစားအဆင့် အတန်းတိုးတက်မြင့်မားလာစေရေးအတွက် ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများမွေးထုတ်ပေးရေး (Excellent Sports)၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အဆင့်မြင့်မားစွာပါဝင်ယှဉ်ပြိုင်ရေးနှင့် အရှေ့တောင်အာရှမှသည် အာရှ၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေးဟူသော မူဝါဒ(၄)ရပ်ချမှတ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ နွေရာသီအားကစား သင်တန်းများကို တက်ရောက် သင်ကြားကြမယ့် လူငယ် ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားအဖွဲ့ချုပ်များက ခေတ်မီနည်းစနစ်များနဲ့ စနစ်တကျ လေ့ကျင့်သင်ကြားပေး မှာဖြစ်တဲ့ အတွက် မိမိတို့သင်ကြား တဲ့အားကစားနည်းများအလိုက် ထူးချွန်တဲ့ မျိုးဆက်သစ်များ ဖြစ်လာအောင် ကြိုးစားသင်ကြား ကြစေလိုပါကြောင်း၊ မိဘအုပ်ထိန်းသူများအနေဖြင့်လည်း မိမိတို့၏ ရင်သွေးငယ်များအား တန်ဖိုးရှိသောအချိန်များကို အားကစားအလိုက်လေ့လာ လိုက်စားစေခြင်းဖြင့် ဘက်စုံထူးချွန်သော လူချွန်လူကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် သင်တန်းတက်ရောက်ခြင်းကို အားပေးကြစေလိုကြောင်း၊ အားကစားအဖွဲ့ချုပ်အသီးသီးမှ နည်းပြဆရာများကလည်း စေတနာအပြည့်အဝထားပြီး လူငယ်များကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားအောင် သင်ကြားပေးသွားကြပါ၊ ယခုလို နွေရာသီ ကျောင်းပိတ်ရက် အားလပ်ရက်များမှာ အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး အတွက် အဖက်ဖက်မှ တာဝန်ယူပံ့ပိုးကူညီဆောင်ရွက်ပေးကြတဲ့အဖွဲ့ချုပ်ဥက္ကဌများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ T-shirt အင်္ကျီအလှူရှင်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း ၂ဝ၁၇ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းကို ဖွင့်လှစ်ပေးလိုက်သည်။
 
 
ထို့နောက် နွေရာသီအားကစားသင်တန်းသား/သင်တန်းသူများက အားကစား သစ္စာ အဓိဌာန်(၄)ချက်ရွတ်ဆိုကြပြီး နောက် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့ကနွေရာသီ အားကစားသင်တန်းတွင် T -Shirt   အင်္ကျီများ ပံ့ပိုးပေးသော SkyNet  ရုပ်/သံ၊ Gold Power Co.,Ltd ၊ မြန်ရွှေပြည် ကုမ္ပဏီလိမိတက်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်စစ်တီးဝိုင်းအဖွဲ့တို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
 
ဆက်လက်၍နွေရာသီအားကစားသင်တန်းသား/သင်တန်းသူများ အားကစား ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြပြီး  ခြင်းလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ကရာတေး၊ကြက်တောင်၊ ဘတ်စကက်ဘော၊ ကျွမ်းဘား၊ဂျူဒို၊ ဘောလုံး၊ လက်ဝှေ့၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ အေရိုးဗစ်၊ သိုင်း၊ ခရစ်ကတ်၊ စက်ဘီးတို့မှ အားကစားပဒေသာ များဖြင့်သရုပ် ပြသခဲ့ကြသည်။
 
ယခုနွေရာသီအခြေခံအားကစားသင်တန်းကို အားကစားနည်း(၃၅)မျိုးဖြင့် မြန်မာ နိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီး၏ သတ်မှတ်ထားသော အားကစားလေ့ကျင့်ရေး စခန်းများနှင့် ရန်ကုန်တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနမှ သတ်မှတ်ပေးထားသော လေ့ကျင့်ရေးစခန်းများ တွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
 

back to top Eng