နေပြည်တော်၊အောက်တိုဘာလ(၂၆)ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ့အားကစား အစဉ်အမြဲတိုးတက်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ) ကျောင်းများ၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် အားကစားပြိုင်ပွဲများအား ယနေ့နံနက် (၇:၃ဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများမှ ကျောင်းအုပ် ကြီးများ တက်ရောက် ကြည့်ရှု အားပေးကြပါသည်။
ဆက်လက်၍ ပိုက်ကျော်ခြင်းအားကစားရုံတွင် ကျင်းပသော အမျိုးသား(၄)ယောက်တွဲ အသင်းလိုက် ဗိုလ်လုပွဲအဖြစ် အား/ကာသိပ္ပံ(မန္တလေး)နှင့် အား/ကာသိပ္ပံ(တောင်ကြီး) ၊ အမျိုးသမီး(၄) ယောက်တွဲအသင်းလိုက် ဗိုလ်လုပွဲအဖြစ် အား/ကာသိပ္ပံ(ရန်ကုန်-က)နှင့် အား/ကာသိပ္ပံ (မော်လမြိုင်)တို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲများ အပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသား(၄)ယောက်တွဲအသင်းလိုက် ပြိုင်ပွဲတွင် ပထမ အား/ကာသိပ္ပံ(မန္တလေး)၊ ဒုတိယ အား/ကာသိပ္ပံ(တောင်ကြီး)၊ တတိယ အား/ကာသိပ္ပံ (ရန်ကုန်-က)နှင့် အမျိုးသမီး(၄) ယောက်တွဲအသင်းလိုက်ပြိုင်ပွဲတွင် ပထမ အား/ကာသိပ္ပံ (ရန်ကုန်-က)၊ ဒုတိယ အား/ကာသိပ္ပံ(မော်လမြိုင်)၊ တတိယ အား/ကာသိပ္ပံ (တောင်ကြီး) တို့မှ ရရှိခဲ့ပြီး အဆိုပါဆုများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ စားပွဲတင်တင်းနစ်ပြိုင်ပွဲများအဖြစ် အမျိုးသား/ အမျိုးသမီး အသင်းလိုက် ပြိုင်ပွဲများ၊ အမျိုးသား/ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများ၊ အမျိုးသား/ အမျိုးသမီး (၂)ယောက်တွဲပြိုင်ပွဲများနှင့် အမျိုးသား+အမျိုးသမီး(၂) ယောက်တွဲပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ရေကူးအားကစားပြိုင်ပွဲများအဖြစ် မီတာ(၂ဝဝ)အမျိုးသား/ အမျိုးသမီး တစ်ဦးချင်းလေးမျိုးကူးပြိုင်ပွဲ၊ မီတာ(၁ဝဝ)အမျိုးသား/ အမျိုးသမီး ရင်ဘောင်တန်းကူး ပြိုင်ပွဲ၊ မီတာ(၁ဝဝ) အမျိုးသား/ အမျိုးသမီး ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၅ဝ) အမျိုးသား/ အမျိုးသမီး လိပ်ပြာကူးပြိုင်ပွဲ၊ မီတာ(၅ဝ) အမျိုးသား/ အမျိုးသမီး ရင်ဘောင်တန်းကူးပြိုင်ပွဲ နှင့် မီတာ(၅ဝထ၄) အမျိုးသား/ အမျိုးသမီး လွန်းပျံအလွတ်ကူးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။ အဆိုပါအမျိုးသားမီတာ(၁ဝဝ)ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် သန့်ဇင်ဟိန်း အား/ကာသိပ္ပံ (မန္တလေး)မှ စံချိန် ၁မိနစ်၁၆ဒသမ၄၇စက္ကန့်ဖြင့်လည်းကောင်း၊ အမျိုးသား မီတာ(၁ဝဝ) ပက်လက်ကူးပြိုင်ပွဲတွင် ဘုန်းပြည့်စုံပိုင် အား/ကာသိပ္ပံ(ရန်ကုန်)မှ စံချိန် ၁မိနစ်၁၁ဒသမ၅၉စက္ကန့်ဖြင့်လည်းကောင်း၊ ကျော်စိုးလင်း အား/ကာသိပ္ပံ(မန္တလေး)မှ စံချိန် ၁မိနစ်၁၂ဒသမ ၄၆စက္ကန့်ဖြင့်လည်းကောင်း၊ အမျိုးသမီး မီတာ(၁ဝဝ) ပက်လက်ကူးပြိုင်ပွဲတွင် ဆန်းဆန်းသွယ် အား/ကာသိပ္ပံ(ရန်ကုန်)မှ စံချိန်၁မိနစ်၂၁ဒသမ၅၉စက္ကန့်ဖြင့် စံချိန်သစ်များ ရရှိခဲ့ပါသည်။
ဆက်လက်၍ ဘောလုံး(ကျား)၊ ဘတ်စကက်ဘော(ကျား/မ)၊ လက်ဝှေ့၊ တင်းနစ် (ကျား/မ)၊ ဘော်လီဘော(ကျား/မ)၊ ကြက်တောင်၊ အလေးမပြိုင်ပွဲနှင့် ဝူရှူးပြိုင်ပွဲ များကို သက်ဆိုင်ရာ အားကစားကွင်း/ရုံ အသီးသီး၌ ယှဉ်ပြိုင်ကစားခဲ့ပါသည်။
အဆိုပါ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ) ကျောင်းများ၏ အားကစားပြိုင်ပွဲများကို (၂၁.၁ဝ.၂ဝ၁၈)ရက်နေ့မှ(၃ဝ.၁ဝ.၂ဝ၁၈)ရက်နေ့အထိ နေ့စဉ် နံနက်(၇:၃ဝ) နာရီ အချိန်မှ စတင်ပြီး သက်ဆိုင်ရာအားကစားကွင်း/ရုံ အသီးသီးတို့၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါ ကြောင်း သိရှိရပါသည်။