skip to content

ရန်ကုန်၊ ဧပြီလ(၂၇)ရက်။ 

၂ဝ၁၉ခုနှစ်၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ ပြီးစီးခဲ့သည့် အမျိုးသားတံခွန်စိုက် ရွက်လှေပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီက ရန်ကုန်မြို့၊ အင်းယားလမ်းရှိ ရန်ကုန်ရွက်လှေအသင်း၊ အင်းယားကန်၌  ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်၏ အနီးဆုံးရည်မှန်းချက် ဖြစ်သည့် ၂ဝ၁၉ခုနှစ်၊ နိုဝင်ဘာလ (၃ဝ)ရက်နေ့မှ ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွက်လှေပြိုင်ပွဲအမျိုးအစား (၁၂)မျိုးအနက် (၁ဝ)မျိုး၊ ပါဝင်ယှဉ်ပြိုင်ရန်နှင့် တန်းတူရည်တူ ယှဉ်ပြိုင်နိုင်ခြင်းမှသည် ဆုတံဆိပ်ရရှိရေးကို ဆောင်ရွက်လျက်ရှိပြီး ရည်မှန်းချက်အောင်မြင်ရေးအတွက် ရွက်လှေအားကစားသမားများ၏ အနီးကပ်ကြီးကြပ် သင်ကြားပေးနိုင်ရေး၊ ခေတ်မီနည်းစနစ် များဖြင့် လေ့ကျင့်နိုင်ရေးအတွက် နိုင်ငံခြားသားနည်းပြတစ်ဦးကို ၂ဝ၁၉ခုနှစ်၊ မတ်လမှ ဒီဇင်ဘာလအထိ ငှားရမ်းခေါ်ယူလေ့ကျင့်သင်ကြားပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ထားနိုင်ပြီး ယခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံးအဖြစ် ထည့်သွင်းကျင်းပမည့် Surfing အားကစားနည်းတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် Surf  Association of Myanmarကို ဖွဲ့စည်းကာ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ဆုတံဆိပ်ရရှိရေးတို့အတွက် Ngwe Saung Yatch Club Resort တွင် နိုင်ငံခြားသားနည်းပြ(၁)ဦးအား ငှားရမ်းခေါ်ယူလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ Surf & SUP National Championships-2019 ပြိုင်ပွဲကိုလာမည့် မေလ(၂၅)ရက်နေ့နဲ့ (၂၆)ရက်နေ့မှာ ငွေဆောင်တွင် ပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ပါကြောင်းနှင့် လာမည့်SEA Games ပြိုင်ပွဲတွင် Surf အားကစားနည်းဖြင့် ဆုတံဆိပ်ရရှိနိုင်အောင် ကြိုးစားသွားမည် ဖြစ်ပါကြောင်းဖြင့် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်ဥက္ကဌ ဦးမိုးမြင့်မှ ဆုပေးပွဲအခမ်းအနား အဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည်။
အဆိုပါဆုပေးပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းသန့်နှင့်တာဝန်ရှိသူများ၊ တပ်မတော်(ရေ)နှင့် တပ်မတော်(ရေ) လှေလှော်ရွက်တိုက်ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌဒေါ်ခင်လေးနှင့် ဒုတိယဥက္ကဌများ၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဌများနှင့်အဖွဲ့ချုပ်  အလုပ်အမှုဆောင်များ၊ ရန်ကုန်ရွက်လှေအသင်း ကော်မတီဝင်များ၊ODAM မိသားစုဝင်များ၊ ဆုရအားကစားသမားများ တက်ရောက်ကြသည်။

အစီအစဉ်အရ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဌ ဦးမိုးမြင့်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ရှေးဦးစွာ Optimist Class ပြိုင်ပွဲ၌ ပဉ္စမဆုရ ပိုးအိဇာ (ISPE)၊ စတုတ္ထဆုရ ထက်မြတ်အောင် (ISPE) ၊ တတိယဆုရ မေမြတ်နိုးခင် (YSC)၊ ဒုတိယဆုရ ထက်လင်းဇော် (ISPE) နှင့် Optimist Class ပြိုင်ပွဲ၌ ပထမတံခွန်စိုက်ဆုရ စည်သူဟိန်း (ISPE)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ပညာရေး ပေါင်းစပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းသန့်မှလည်းကောင်း၊Laser Radial Class ပြိုင်ပွဲ၌ တတိယဆုရ သန့်စင်ထက်၊ ဒုတိယဆုရ ချစ်ရဲရဲထူးနှင့် Laser Radial Class ပြိုင်ပွဲ၏ ပထမတံခွန်စိုက်ဆုရ နန္ဒထူးအား မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ ရန်ကုန်ရွက်လှေအသင်း ဥက္ကဌ ဦးမျိုးတင့်မှလည်းကောင်း၊Sharpie ''B'' Class  ပြိုင်ပွဲ၌ တတိယဆုရ ရှိုင်းလင်းဇေယျာနှင့် ခင်မောင်ရင်အတွဲ၊ ဒုတိယဆုရ ကြည်ကြည်ရွှန်းနှင့် ဖြိုးသူရလွင်အတွဲနှင့်Sharpie ''B'' Class  ပြိုင်ပွဲ၏ ပထမတံခွန်စိုက်ဆုရ သန့်စင်ထက်နှင့် မင်းပြည့်သွေး အတွဲတို့အား မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌဒေါ်ခင်လေးမှလည်းကောင်း၊Sharpie ''A'' Class  ပြိုင်ပွဲ၌ တတိယဆုရ မင်းမင်းနှင့်လှစိုးအတွဲ၊ ဒုတိယဆုရ မင်းသီဟအောင်နှင့် အောင်ပိုင်ဦးအတွဲနှင့် Sharpie ''A'' Class  ပြိုင်ပွဲ၏  ပထမတံခွန်စိုက်ဆုရ မင်းသော်ကောင်းနှင့် ထွန်းထွန်းကျော်အတွဲတို့အား တပ်မတော်(ရေ ) ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်သန့်စင်လေးကလည်းကောင်း၊Rater Class ပြိုင်ပွဲ၌ တတိယဆုရ မင်းမင်းနှင့် ထွန်းထွန်းကျော်အတွဲ၊ ဒုတိယဆုရ မင်းသော်ကောင်းနှင့် ချစ်ရဲရဲထူး အတွဲနှင့် Rater Class ပြိုင်ပွဲ၏ ပထမတံခွန်စိုက်ဖလားဆုရ အောင်မြင်သူနှင့် မင်းသူ အတွဲတို့အား မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဌ ဦးမိုးမြင့်တို့က ဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
 


back to top Eng