skip to content

ရန်ကုန်၊ ဖေဖော်ဝါရီလ(၂)ရက်။             

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်တို့ပူးပေါင်း၍ နွေရာသီအခြေခံ အားကစားသင်တန်းများကို နွေရာသီကျောင်းပိတ်ရက်များတွင် အခြေခံအားကစားသင်တန်းများကို အားကစားနည်း(၃၅)နည်းဖြင့်လျာထားပြီး၊ မတ်လ(၁)ရက်နေ့မှ မတ်လ(၂၉)ရက်နေ့ အထိနှင့် အဆင့်မြင့်သင်တန်းများကို ဧပြီလ(၂၂)ရက်နေ့မှ မေလ(၁၇)ရက်နေ့အထိ ရန်ကုန်မြို့တွင် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် ယနေ့နေ့လည်(၁) နာရီက ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂ဝ၁၉ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကိုကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား)၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောကြားရာတွင် ၂ဝ၁၉ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို အခြေခံနှင့် အဆင့်မြင့်ဟူ၍ သင်ကြားပေးသွားမည်ဖြစ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်စဉ်နွေရာသီ အခြေခံနှင့်အဆင့်မြင့်အားကစား သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေး၊ မျိုးဆက်သစ်လူငယ် အားကစားသမားများကို ဆက်လက်လေ့ကျင့်ပြုစုပျိုးထောင်ပေးခြင်းဖြင့် ထူးချွန်ထက်မြတ်သော မြန်မာ့လက်ရွေးစင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကောင်းများပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းဖြစ်ပါကြောင်း၊ မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့် လိုက်စားစေခြင်းဖြင့် အမျိုးသားအားကစား တိုးတက်မြင့်မားလာစေရေး၊ နွေရာသီအားကစား သင်တန်းများမှ ဗီဇပါရမီရင့်သန်၍ အောင်မြင်မှု အလားအလာရှိသော ရွက်ပုန်းသီးမျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ် လေ့ကျင့်ပေးခြင်းဖြစ်ပါကြောင်း၊ ဦးစီးဌာနမှ သက်ဆိုင်ရာ အားကစားကွင်း/ရုံများတွင် အားကစားနည်းအလိုက် သင်တန်းများလေ့ကျင့်သင်ကြား ပေးနိုင်ရေးအတွက် ခွင့်ပြုပေးထား ပြီဖြစ်၍ အဖွဲ့ချုပ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် မျိုးဆက်သစ်အားကစားသမားများ အားကစားလိုက်စားနိုင်ရေးအတွက် သင်တန်းကြေးများကို တက်နိုင်သလောက် လျော့ပေါ့ပေးရန်နှင့် ယခင်နှစ် ကထက် သင်တန်းသားများ ပိုမိုရရှိစေဖို့ စည်းရုံးဆောင်ရွက် စေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လူထုအားကစားနှင့်ပညာပေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်က အားကစားနည်းအလိုက် သင်တန်းများဖွင့်လှစ်နိုင်ရေး၊ ဖွင့်ပွဲ အခမ်းအနားကျင်းပနိုင်ရေးအတွက် သင်တန်းသားများ တူညီဝတ်စုံရရှိစေရေး၊ ကြော်ငြာ ဆိုင်းဘုတ်များ တပ်ဆင်နိုင်ရေး၊ ရေကူး၊ ဘောလုံး၊ ကြက်တောင်နှင့် ဝူရှူး အားကစားနည်းများတွင် သင်တန်းသားဦးရေများပြားသောကြောင့် သင်တန်းကြေးများ ယခင်နှစ်များ ထက် လျော့ပေါ့ပေးစေလိုကြောင်း၊   ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးက ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်နှင့်မြို့နယ်များရှိ အားကစားကွင်း/ရုံများတွင် အခြေခံ အားကစားနည်းသင်တန်းများကို ယခင်နှစ်များထက် သင်တန်းသားဦးရေများပြားအောင် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ အားကစား ကွင်း/အားကစားရုံဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲနန္ဒက သင်တန်းကာလအတွင်း အားကစားကွင်း/ရုံများကို အသုံးပြုလိုပါက အဖွဲ့ချုပ်များ အနေဖြင့်ကြိုတင်အသိပေးမှသာ မိမိတို့ဘက်မှလိုအပ်သည် များကို အချိန်မီဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြား၍လည်းကောင်း၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ၊ မော်တော်ယာဉ်ဌာနစိတ်၊ ဆေးဘက်ဆိုင်ရာဌာနစိတ်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနားအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသော မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ အထွေထွေအတွင်းရေးမှူးများ ၊ အဖွဲ့ချုပ်တာဝန်ခံ  အမှုဆောင်များက သင်တန်းဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက် ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီးနောက် ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အခြေခံအားကစားနည်းသင်တန်းများကို ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ အားကစားကွင်း/ရုံများ၌ အဖွဲ့ချုပ်များ၊ မြို့နယ် အား/ကာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းကာ မြားပစ်၊ ပြေးခုန်ပစ်၊ ဘေ့စ်ဘော၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိလိယက်/စနူကာ၊ ကာယကြံ့ခိုင်မှု၊ ဘိုးလင်း၊ လက်ဝှေ့၊ စစ်တုရင်၊ ခြင်းလုံး၊ ခရစ်ကက်၊ စက်ဘီး၊ ဘောလုံး၊ ဂေါက်သီး၊ ကျွမ်းဘား၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေးဒို၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ သေနတ်ပစ်၊ စားပွဲတင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သိုင်း၊ ဘော်လီဘော၊ အလေးမ၊ အမျိုးသမီး အားကစား(အေရိုးဗစ်)၊ ဝူရှူး၊ ရွက်လှေ၊ မသန်စွမ်း၊ ကမ်ပို၊ ရိုးရာလက်ဝှေ့ စသည့် အားကစားနည်းများ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း အသေးစိတ်သိရှိလိုပါက (ဝ၁- ၄ဝဝ၄၃၁) သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း သတင်းရရှိသည်။

 


back to top Eng