နေပြည်တော် ၊ ဇွန်လ(၃) ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော သေနတ်ပစ် နည်းပြ/အုပ်ချုပ်မှု သင်တန်းအမှတ်စဉ် (၁/၂ဝ၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်(၉:ဝဝ)နာရီ အချိန်တွင် Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးကျော်မိုးဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူများမှ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများအား တစ်ဦးချင်း မိတ်ဆက် ဂါရဝပြုကြပါသည်။
ရှေးဦးစွာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် မှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ်အနေဖြင့် မြန်မာ့သေနတ်ပစ် အားကစားဖွံ့ဖြိုး တိုးတက်မြင့်မားလာစေရေး၊ အားကစားနည်းတစ်ခု အောင်မြင်ရန်အတွက် (၃)ပွင့်ဆိုင်လိုအပ်ချက်မှာ အားကစားသမားများ၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ကြိုးစားအားထုတ်မှု၊ အုပ်ချုပ်သူနည်းပြများ၏ အနီးကပ်ကြီးကြပ်ပံ့ပိုး လေ့ကျင့်သင်ကြားပေးမှု၊ နိုင်ငံတော်အဖွဲ့ချုပ်နှင့် စေတနာရှင်၊ ဝါသနာရှင်များ၏ ပံ့ပိုးမှု အထောက်အပံ့များ ဖြစ်ပါကြောင်း၊ အုပ်ချုပ်သူ နည်းပြများ၏ အနီးကပ်ကြီးကြပ် လေ့ကျင့်သင်ကြားမှုများသည် အဓိကကျပြီး ပံ့ပိုးသင်ကြားမှုများကို အထောက်အကူပြုနိုင်သည့် ယခုဖွင့်လှစ်သော သင်တန်းသည် အားကစားလောကအတွက် ကြီးမားသော အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေနှင့်လည်း အဖွဲ့ချုပ်များနှင့် ကြီးကြပ်ပူးပေါင်းဆောင်ရွက်ပြီး သင်တန်းများ ဖွင့်လှစ်သင်ကြားသည့်အခါ အားကစားနည်းပြသင်တန်းများကိုသာ အများဆုံးဖွင့်လှစ်သင်ကြားပို့ချပေးပြီး၊ သေနတ်ပစ်အဖွဲ့ချုပ်အနေနှင့် အုပ်ချုပ်သူနည်းပြသင်တန်း ဖွင့်လှစ်ပေးခြင်းသည် ထူးခြားချက်ဖြစ်ပါကြောင်း၊ သေနတ်ပစ်အားကစားသည် အခြားသော အားကစားနည်း များနှင့်မတူပဲ အဆောက်အဦပိုင်း၊ လက်နက်/ခဲယမ်းပိုင်း၊ အထောက်အကူ ပစ္စည်းပိုင်းနှင့် နည်းစနစ် (နည်းပြ)ပိုင်းတွင် ကုန်ကျစရိတ်များပြီး၊ အန္တရာယ်များသော အားကစားနည်းဖြစ်ပါကြောင်း၊ သေနတ်ပစ် အားကစားနည်းစနစ်များနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို အချိန်တိုအတွင်း သိရှိလေ့လာ နိုင်မှာဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်လည်း စခန်းသွင်းအားကစားသမား များကို လေ့ကျင့်ပေးမှု၊ စားသောက်မှု၊ သင်တန်းထောက်ပံ့ကြေးများ တိုးမြှင့်မှု ရရှိအောင် နိုင်ငံတော်အစိုးရအဖွဲ့ရုံးသို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်များရရှိပါက ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ဆီးဂိမ်းကာလတွင် အိမ်ရှင်အနေဖြင့် ကျင်းပသော နိုင်ငံများ၏ အကဲသာမှုဖြင့် ကျင်းပရသောကြောင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံ၏ အားသာသော တစ်ချို့အားကစားနည်းများပါဝင်ခွင့်မရခဲ့ပါကြောင်း၊ အားကစား၏ သဘောသဘာဝအရ (၁)နေ့၊ (၁)လ ဖြင့်လေ့ကျင့်၍မရပဲ နှစ်ရှည်လများစွာ အချိန်ယူ လေ့ကျင့်ရသောကြောင့် မဆုတ်မနစ်သော ဇွဲ၊ သတ္တိတို့ဖြင့် ကြိုးစားလေ့ကျင့်ပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် တစ်ခြား နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရန်အတွက် ဆက်လက်ကြိုးစားလေ့ကျင့်သွားစေလိုကြောင်း၊ မိမိတတ်ကျွမ်းသော နည်းစနစ်၊ နည်းပညာပိုင်းတွေသာမက နေ့စဉ်တိုးတက်ပြောင်းလဲနေသော နည်းစနစ်တွေကို အမှီလိုက်ကာ မိမိတို့ တတ်ကျွမ်းထားသော အုပ်ချုပ်မှုနည်းပညာများဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချသော အုပ်ချုပ်မှုနည်းစနစ်ပိုင်းများ ပေါင်းစပ်ပြီး နယက ဂုဏ်(၆)ပါး၊ ဆရာကျင့်ဝတ်(၅)ပါးတို့ဖြင့် စံနမူနာထား၍ မိမိတို့ အားကစားသမားများကို သင်ကြားအုပ်ချုပ်ပြီး သေနတ်ပစ်အားကစားနည်းဖြင့် နိုင်ငံတော်အတွက် အောင်မြင်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မိုးဝင်းမှ အမှာစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း (ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲများမှ မျိုးဆက်သစ် အများအပြား မွေးထုတ်ပေးခဲ့ကြောင်း၊ ၂ဝဝ၆ ခုနှစ် နောက်ပိုင်းမှစ၍ သေနတ်ပစ်အားကစားနည်း မပါတော့၍ တိုင်းဒေသကြီး/ပြည်နယ်နှင့် အား/ကာသိပ္ပံကျောင်းများမှ ရှာဖွေရပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲများကို အဆင့်အတန်း မြှင့်တင်ပေးစေလို၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ တပ်မတော်သေနတ်ပစ် အားကစား ဆပ်ကော်မတီနှင့် ပြန်လည်ပူးပေါင်းမှုရရှိပြီး မြန်မာ့သေနတ်ပစ်အားကစား တစ်ခေတ်ဆန်း ပြန်လည် ဦးမော့လာစေရေးအတွက် ရည်ရွယ်ပါကြောင်း၊ မြန်မာ့သေနတ်ပစ် အားကစားအဖွဲ့ချုပ်နှင့် တပ်မတော်သေနတ်ပစ် ဆပ်ကော်မတီရှိ တာဝန်ထမ်းဆောင်နေသောသူများမှ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသောဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို သေချာလေ့လာသိရှိနားလည်လာစေရန် ရည်ရွယ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများသည် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ သေနတ်ပစ်အားကစား နည်းပြ/အုပ်ချုပ်သူသင်တန်း (၁/၂ဝ၁၉)တွင် သင်တန်းသား(၃၁)ဦး၊ သင်တန်းသူ(၁၅)ဦး စုစုပေါင်း (၄၆)ဦးတို့ တက်ရောက်သင်ကြားပြီး (၃.၆.၂ဝ၁၉)ရက်နေ့မှ (၇.၆.၂ဝ၁၉) ရက်နေ့အထိ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။