နေပြည်တော်၊ ဇန်နဝါရီလ(၁၇)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက်(၉)နာရီ အချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်ဦးကျော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်း ဝင်ရောက်နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် မြန်မာတို့၏ရိုးရာအမွေအနှစ်ဖြစ်သည့် ကိုယ်ခံပညာမြန်မာ့သိုင်းအားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် နိုင်ငံဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် ထူးချွန်ထက်မြက်သော လက်ရွေးစင်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက်မည့် ဒိုင်လူကြီးများ အနေဖြင့် ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေနှင့်လည်း ပြိုင်ပွဲတွင် မိမိတို့ကိုယ်စားပြုအသင်း အောင်နိုင်ရေးအတွက် အနိုင်မခံ အရှုံးမပေးဇွဲ၊ စိတ်ဓါတ် အပြည့်အဝနဲ့ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြပြီး ယခုလို တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲမှတဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားဖို့ တိုက်တွန်းမှာကြားရင်း ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် သိုင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပါသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီးနောက် ဗန်တိုအတိုက်အမျိုးသား (၄၅-၄၉) ကီလိုပြိုင်ပွဲနှင့် ဓါးသိုင်းအတိုက်အမျိုးသား (၄ဝ-၄၅)ကီလိုပြိုင်ပွဲတို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သိုင်းပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အမျိုးသား(၁၃)သင်း၊ အမျိုးသမီး(၁၂)သင်း အားကစားသမား စုစုပေါင်း(၂၆၉)ဦးတို့သည် ဇန်နဝါရီလ (၁၇)ရက်မှ နေ့မှ(၂၁)ရက်နေ့ အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ နေ့စဉ် နံနက်(၉:ဝဝ)နာရီ အချိန်တွင် စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် သိုင်းအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါ ကြောင်း သိရှိရပါသည်။