နေပြည်တော်၊ ဇွန်လ(၅)ရက်။
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့သို့ သွားရောက် ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့ဝင်များအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်(၁၁:ဝဝ)အချိန်က အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်းကစားသမားများ၊ အုပ်ချုပ်သူနှင့်နည်းပြများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်သည့် DADI Group မှ ဦးကျော်မောင်နှင့် ဦးဇော်လင်းထွန်းတို့ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အာရှပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများမှ တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုကြပြီးနောက် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် အုပ်ချုပ်သူ ဦးချစ်ငြိမ်းလွင်မှ ရှင်းလင်းတင်ပြရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် ၂ဝ၁၉ ခုနှစ်၊ ဇွန်လ(၁ဝ)ရက်နေ့မှ ဇွန်လ(၁၄) ရက်နေ့ထိ ကျင်းပပြုလုပ်သော ၂ဝ၁၉ခုနှစ်၊ အာရှပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြအပါအဝင် အားကစားသမား(၇)ဦး၏ ယှဉ်ပြိုင်မည့် ပြိုင်ပွဲများ၊ အခြေအနေများ၊ တည်းခိုနေထိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ နည်းပြ ဦးဇော်ထိုက်အောင်မှ အားကစားသမား ရွေးချယ်ပုံများ၊ လေ့ကျင့်ပုံနည်းစနစ်များကို အသေးစိတ်ရှင်းလင်း တင်ပြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က ယခု ပြည်ပသို့ သွားရောက်မည့် အားကစား အဖွဲ့ချုပ်များမှ နည်းပြနှင့်အုပ်ချုပ်သူများအား လမ်းညွှန်အမှာစကားပြောကြားရာတွင် နည်းပြဆရာဆိုင်ရာ အစီရင်ခံစာနှင့် အားကစားသမားဆိုင်ရာ အစီရင်ခံစာများအား ပြန်လည်တင်ပြကြရန်၊ နိုင်ငံတကာ၏ ပြောင်းလဲတိုးတက်လာသည့် အားကစား နည်းစနစ် လေ့ကျင့်ပုံများကို သေချာလေ့လာမှတ်သားပြီး မိမိနိုင်ငံသို့ ပြန်ရောက်သည့်အခါ ၄င်းအားကစားနည်းများကို သိပ္ပံနည်းကျပြန်လည် လေ့ကျင့်သင်ကြားနိုင်ရန်၊ အားကစားနည်းဆိုင်ရာ စီမံချက်များ ပြန်လည်တင်ပြကြရန်၊ မိမိတို့၏ အားကစားပုံရိပ်ကို နိုင်ငံတကာ အလယ်တွင် မြှင့်တင်နိုင်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့်ပံ့ပိုးမှုများကို ကူညီသွားမည် ဖြစ်ပါကြောင်း၊ အားနည်းချက်၊ အားသာချက် အတွေ့အကြုံများကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြင်ဆင်ပြီး အစဉ်အမြဲ တိုးတက်အောင်မြင်မှုများ ရရှိအောင် ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း၊ သွားရောက်မည့် ကစားသမားများအနေဖြင့် ဝတ်စားဆင်ယင်မှုပိုင်း၊ အနေအထိုင်၊ အစားအသောက်၊ အသွားအလာပိုင်းများကိုလည်း သတိချပ်၍ မိမိတို့နိုင်ငံ့ဂုဏ် တင့်တယ်အောင် သေသပ်စွာ ဝတ်ဆင်စေလိုပါကြောင်း၊ အောင်မြင်မှု ဆုတံဆိပ်များ ဆွတ်ခူးနိုင်ပါစေကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။