နေပြည်တော်၊ ဇူလိုင် (၁၃)။
မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်၏ ၂ဝ၁၉ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ခရီးရှည်လက်ရည်စစ်ပြိုင်ပွဲ အကြိုဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်တွင် နေပြည်တော် မြင်းစီးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးပြုံးမောင်မောင်၊ ဒုတိယဥက္ကဌ(၂) ဦးအေးချိုနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရာက်ခဲ့ကြပါသည်။
အစီအစဉ်အရပြိုင်ပွဲဝင်မည့် မြင်းစီးအားကစားသမားများမှ တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်ဥက္ကဌ ဦးပြုံးမောင်မောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခု ENDURANCE TRIAK RIDE ပြိုင်ပွဲသည် စမ်းသပ်စီးနင်းခြင်းပြိုင်ပွဲ ဖြစ်ပါကြောင်း၊ အရင်အတွေ့အကြုံရှိသည့် အဖွဲ့များရှိသလို၊ အတွေ့အကြုံမရှိသည့်သူများလည်း ပါဝင်ပါကြောင်း၊ ထို့ကြောင့် အတွေ့အကြုံကောင်းများလည်း ရရှိမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် အထောက်အကူအဖွဲ့များအားလုံးနှင့် ပါဝင်ယှဉ်ပြိုင်ကြမည့် ကစားသမားများ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်ဒုဥက္ကဌ(၂) ဦးအေးချိုမှ ပြောကြားရာတွင် အိုလံပစ်ကိုအမှီပြုပြီးယခု ENDURANCE TRIAK RIDE ပြိုင်ပွဲဖြစ်ပေါ်လာရခြင်းဖြစ်ပါကြောင်း၊ နေရာဒေသမျိုးစုံမှာ ကျင်းပပြုလုပ်ပါက မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်မှ ထောက်ပံ့ပြီးပြိုင်ပွဲများကို ကျင်းပပေးသွားမည်ဖြစ်ပါကြောင်း၊ မြင်းစီးအားကစားနည်းကို စိတ်ပါဝင်စားသူအားလုံးကိုကြိုဆိုလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်၊ ဒိုင်အဖွဲ့ချုပ် ဒေါ်အေးသက်တာမှ နည်းပညာပိုင်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဆန်းထွန်းဦးမှ FEI ကမ္ဘာ့မြင်းစီးအဖွဲ့ချုပ်မှ ချမှတ်တဲ့ စည်းမျဉ်းအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဓိကအနဖြင့် မြင်းများကို စစ်ဆေးခြင်း၊ လူများကို စစ်ဆေးခြင်း တို့ကိုဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှသည် နိုင်ငံတကာပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်သောကြောင့် ကျွမ်းကျင်မှုရှိရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။