skip to content

နေပြည်တော်၊ အောက်တိုဘာ(၁၈)ရက်။         

မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂၀၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉:၀၀) နာရီအချိန်တွင် TC-2 ၊ ဝူရှူးလေ့ကျင့်ရေးရုံ လယ်ဝေး၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အတွင်းရေးမှူးနှင့်တာ၀န်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲ၀င်အသင်း အုပ်ချုပ်သူ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြိုင်ပွဲ၀င်အသင်းများ ကွင်းအတွင်း၀င်ရောက် နေရယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန် ဝူရှူး အားကစားနည်းကို Mass Sport အဖြစ်ကျယ်ပြန့်စွာ ကစားလာနိုင်စေရေးတို့အတွက် ရည်ရွယ် ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ဝူရှူးအားကစားနည်းသည် တရုတ်လူမျိုးတို့၏ ကိုယ်ခံပညာရပ် ဖြစ်ပြီး နည်းစနစ်ပိုင်းကျွမ်းကျင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ကို အခြေခံကာ ကစားရသည့် အားကစား နည်းတစ်ရပ်ဖြစ်သည့်အပြင် နိုင်ငံတော်အတွက် ဆုတံဆိပ်များကို ရယူပေးနိုင်သည့် အောင်မြင်မှု အများဆုံး အားကစားနည်းတစ်ရပ်ဖြစ်ပါကြောင်း၊ (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ်(၂)ဆုနှင့် ကြေးတံဆိပ်(၂)ဆုကို ဆွတ်ခူးရရှိကာ နိုင်ငံဂုဏ်ကိုလည်း စွမ်းဆောင်ပေးနိုင်ခဲ့ ပါကြောင်း၊ ယခုပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့် မိမိတို့၏ အရည်အချင်းများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အနိုင်မခံ အရှုံးမပေးဘဲ ဇွဲ၊ စိတ်ဓါတ်ကို အခြေခံကာ  ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ ပြိုင်ပွဲတွင် ကြီးကြပ်သည့် ဒိုင်လူကြီးများအနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအတိုင်း တရားမျှတစွာ ဆုံးဖြတ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြိုင်ပွဲ၀င်ကစားသမားများအနေဖြင့် ယခု ပြိုင်ပွဲမှ တစ်ဆင့်  နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြပါဟု  တိုက်တွန်းမှာကြားကာ ၂၀၁၇ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲကို ဖွင့်လှစ်ခဲ့ပါသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာ၀န်ရှိသူများ၊ ချန်းချွမ် (ကျား/မ) ပြိုင်ပွဲနှင့် ဆန်းဆို (၄၅)ကီလို၊ (၄၈)ကီလို (မ) ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

အဆိုပါ ၂၀၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ အမျိုးသား(၁၄)သင်း၊ အမျိုးသမီး(၁၂)သင်း တို့မှ ကျား(၇၅) ဦး၊ မ(၄၁)ဦး ၀င်ရောက် ယှဉ်ပြိုင်ကစားကြပြီး အောက်တိုဘာလ (၁၈)ရက်နေ့မှ (၂၁)ရက်နေ့အထိ TC-2 ၊ ဝူရှူးလေ့ကျင့်ရေးရုံ လယ်ဝေးတွင် နေ့စဉ် နံနက်(၉:၀၀)နာရီအချိန်မှ စတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။


back to top Eng