skip to content

နေပြည်တော်၊ ဧပြီ(၃)ရက်။        

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များတို့ပူးပေါင်းဖွင့်လှစ်သည့်  နွေရာသီအခြေခံ အားကစားသင်တန်းများကိုနှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၁၈ခုနှစ်၊ နွေရာသီရေကူးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ယနေ့နံနက်(၈)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာ၀န်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူများ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်မှုရှိစေရေး ဦးတည်ချက်ကိုအလေးထားဆောင်ရွက်လျက်ရှိပြီး မြန်မာ့အားကစား အဆင့်အတန်းမြင့်မားလာစေရေးနှင့် ပြိုင်ပွဲတိုင်းတွင် အောင်မြင်မှုများစွာရရှိရေးအတွက် တစ်မျိုးသားလုံးလူထုလှုပ်ရှားမှုအသွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်တို့ပူးပေါင်း၍ ပြည်သူတစ်ရပ်လုံး အားကစားကိုစိတ်ပါ၀င်စားလာပြီး နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် အားကစားမောင်/မယ်များ ထွက်ပေါ်လာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ နွေရာသီအခြေခံရေကူး သင်တန်းကိုအင်ပြည့်အားပြည့်တက်ရောက်ခဲ့ကြသော သင်တန်းသား/သူများကို အရှိန်အဟုန်မြှင့် လေ့ကျင့်သွားနိုင်ဖို့အတွက် ၀ဏ္ဏသိဒ္ဓိရေကူးကလပ်အသင်းကိုပါ ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း၊ မိဘအုပ်ထိန်းသူများအနေနှင့်လည်း မိမိတို့၏ရင်သွေးများကို နိုင်ငံတော်အတွက်တန်ဖိုးရှိသော လူတော်လူကောင်းများဖြစ်လာစေဖို့ ယခုလိုအားကစားသင်တန်းများတွင် တက်ရောက်သင်ကြား ကြစေရေးအားပေးတိုက်တွန်းသင့်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ယခုသင်တန်းကို အခြေခံပြီးအဆင့်မြင့်အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စားပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာအောင် ကြိုးစားသွားကြဖို့ ပြောကြားခဲ့သည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှတာ၀န်ရှိသူများသည် သင်တန်းနည်းပြ များအားဂုဏ်ပြုဆုငွေများနှင့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါ ၂၀၁၈ခုနှစ်၊ နွေရာသီအခြေခံရေကူးသင်တန်းကို (၄-၃-၂၀၁၈)ရက်နေ့မှ (၃-၄-၂၀၁၈)ရက်နေ့အထိ ၀ဏ္ဏသိဒ္ဓိရေကူးကန်တွင် သင်တန်းသား/သူ (၁၂၈)ဦးဖြင့် ဖွင့်လှစ်သင်ကြား ခဲ့ကြောင်း သတင်းရရှိပါသည်။


back to top Eng