ပြင်ဦးလွင်၊ ဖေဖော်ဝါရီလ(၁၆)ရက်။
နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ခရိုင်အားကစားကွင်းခန်းမ(၁)၌ နံနက် ၈:၃၀နာရီကျင်းပရာ ဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ အားကစားနည်းအလိုက်ဆပ်ကော်မတီများ ဖိတ်ကြားထားသောဧည့်သည်တော်များ အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိခဲ့သော စစ်တုရင်အသင်းမှ တံခွန်စိုက်ဆုဖလား အပ်နှံခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ အိုက်ကီဒို အားကစားနည်းများ သရုပ်ပြသကြပါသည်။
အဆိုပါ နွေရာသီအခြေခံ အားကစားသင်တန်းများကို (၁၆.၂.၂၀၁၉) ရက်နေ့မှ (၁.၃.၂၀၁၉)ရက်နေ့ထိ ခရိုင်အားကစားကွင်းတွင် နံနက် (၈)နာရီ မှ (၁၁)နာရီအထိ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ မြန်မာ့သိုင်း၊ အိုက်ကီဒို၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ကြက်တောင်၊ စစ်တုရင်၊ Myanmar Fitness Dance သင်တန်းများကိုဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။