skip to content
 
ရန်ကုန်၊ မတ်လ(၁၁)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ၂၀၁၉ခုနှစ် ရန်ကုန်မြို့၌ နွေရာသီ အခြေခံနှင့်အဆင့်မြင့်အားကစားသင်တန်းများကို မတ်လ(၁)ရက်နေ့မှ စတင်ကာ အားကစားနည်း (၃၅)မျိုးကို သင်ကြားပေးလျက်ရှိသည်။
 
နွေရာသီအခြေခံအားကစားသင်တန်းများကို အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက်ရည်ရွယ်၍ ထူးချွန်ထက်မြက်သော လူငယ်အားကစားမောင်/မယ်များပေါ်ထွက်လာစေရေး၊ တစ်နှစ်ပတ်လုံး ပညာသင်ကြားနေမှုမှ ကျောင်းသားလူငယ်များ ပေါ့ပါးလွတ်လပ်စွာ အားကစားနည်းများကို လေ့ကျင့်လိုက်စားလာစေရေး၊ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်သော လူငယ်ထုများဖြစ်ထွန်းလာစေရေးတို့နှင့် ကျောင်းသား/ ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကို လေ့ကျင့်သင်ကြားခြင်းဖြင့် အားကစားကိုပိုမိုစိတ်ပါ၀င်စားလာစေရေးတို့အတွက်ရည်ရွယ်၍  နွေရာသီအခြေခံအားကစားသင်တန်းများကို နှစ်စဉ် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်သည်။
 
 
နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လ(၁)ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ရှိ အားကစားကွင်း/ရုံများ၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ နည်းပြဆရာများက ရေကူး၊ လှေလှော်၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု၊ စက်ဘီး၊ ခရစ်ကတ်၊ အလေးမ၊ ဘော်လီဘော၊ မြားပစ်၊ ဂေါက်သီး၊ မြန်မာ့သိုင်း၊ ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ရွက်လှေ၊ ဘေ့စ်ဘော၊ အေရိုးဗစ်၊ ကြက်တောင်၊ လက်ဝှေ့၊ ဘိုးလင်း၊ တင်းနစ်၊ ဘောလုံး၊ ဂျူဒို၊ ရိုးရာလက်ဝှေ့၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ဟော်ကီ၊ စစ်တုရင်၊ ကျွမ်းဘား၊ ကရာတေး၊ သေနတ်ပစ်၊ ဘတ်စကက်ဘော၊ မသန်စွမ်း၊ ကမ်ပိုနှင့် ဘိလိယက်နှင့်စနူကာ အားကစားနည်း (၃၅)မျိုးကို အခြေခံနှင့်အဆင့်မြင့်ဖြင့် စနစ်တကျ သင်ကြားပေးလျက်ရှိကြောင်းသတင်းရရှိသည်။
 

back to top Eng