နေပြည်တော်၊ ဇူလိုင်(၅)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ်တို့ပူးပေါင်းကာ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၈:၀၀)နာရီအချိန်မှစတင်ပြီး ၀ဏ္ဏသိဒ္ဓိအားကစားရုံ(A)တွင်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများတက်ရောက် ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်ပါသည်။
အမျိုးသား(၃)ယောက်တွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် မွန်ပြည်နယ်အသင်းမှ မကွေးတိုင်းဒေသကြီးအသင်းအား (၂:၁)ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းမှ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းအား(၂:၀)ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
ဆက်လက်၍အမျိုးသမီး (၃)ယောက်တွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် မကွေးတိုင်းဒေသကြီးအသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဧရာ၀တီတိုင်းဒေသကြီး အသင်းမှ ကရင်ပြည်နယ်အသင်းအား (၂:၁)ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ အမျိုးသမီး(၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မကွေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ကရင်ပြည်နယ်၊ တတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊
ဆက်လက်၍ အမျိုးသား(၂)ယောက်တွဲ အဖွဲလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ဒုတိယဆုရရှိသော ကချင်ပြည်နယ်၊ တတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊
ဆက်လက်၍ အမျိုးသမီး(၃)ယောက်တွဲ အဖွဲလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဧရာ၀တီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ကရင်ပြည်နယ်၊ တတိယဆုရရှိသော မကွေးတိုင်းဒေသကြီးအသင်းအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊
ဆက်လက်၍ အမျိုးသား(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တတိယဆုရရှိသော မွန်ပြည်နယ်အသင်းအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်မှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ရွှေ(၃)ခုနှင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊
ဆက်လက်၍ ရွှေ(၁)ခု၊ ငွေ(၁)ခုနှင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရရှိသော ဧရာ၀တီတိုင်းဒေသကြီးအသင်းနှင့် ရွှေ(၃)ခုနှင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။