skip to content
 
 
နေပြည်တော် ၊ ဇွန်လ(၆) ရက်။
 
မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီး ဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်လူထု စုပေါင်းလမ်းလျှောက်ပွဲနှင့် နေပြည်တော်၀န်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာ၀န်ရှိသူများ၊ သက်ဆိုင်ရာ၀န်ကြီးဌာနများမှ တာ၀န်ရှိသူများ၊ သက်ဆိုင်ရာမြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့သည် နှစ်စဉ် ဇွန်လ(၂၃)ရက်နေ့ဖြစ်ကြောင်း၊ ၁၈၉၄ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့မှ စတင်၍ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ်အဆိုပါ ဇွန်လ(၂၃)ရက် ရောက်တိုင်း အိုလံပစ်အဖွဲ့၀င် အသီးသီးတွင် အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် အားကစားလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း၊ အိုလံပစ်နေ့ အထိမ်းအမှတ် လူထုစုပေါင်းလမ်းလျှောက်ပွဲများကို ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် (၂၂.၆.၂၀၁၉) ရက်(စနေနေ့) နံနက်(၅)နာရီအချိန်တွင်  နေပြည်တော်မြို့မဈေးမှ ပျဉ်းမနား-တောင်ညိုလမ်း အတိုင်း သပြေကုန်းအ၀ိုင်းမှ မဏိရတနာကျောက်စိမ်း ခန်းမရှေ့အထိ စုပေါင်းလမ်းလျှောက်ပြီး ကိုယ်လက် ကြံ့ခိုင်ရေးအတွဲ(၁)၊ (၂)နှင့် Physical Fitness Dance လေ့ကျင့်ခန်းများကို ပြုလုပ်မည်ဖြစ်ကြောင်း၊ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် သက်ဆိုင်ရာ အဖွဲ့ချုပ်များနှင့်ဆက်သွယ်၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊၂၀၂၀ ခုနှစ်၊ ဂျပန်နိုင်ငံတွင် ကျင်းပမည့် (၃၂)ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲတွင် မိမိတို့နိုင်ငံ အနေဖြင့် ပြေးခုန်ပစ်၊ မြားပစ်၊ သေနတ်ပစ်၊ ကရာတေး၊ ဂျူဒို၊ အားကစားနည်းများ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊  နေပြည်တော်၀န်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ၀န်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်စွာ အားသစ်အင်သစ်ဖြင့် လုပ်ငန်းတာ၀န်များကို ထမ်းဆောင်နိုင်ရန် ၀န်ထမ်းအချင်းချင်း ချစ်ခင်ရင်းနှီးမှု ယခုထက်ပိုမိုရရှိစေရန်နှင့် မြန်မာ့အားကစားလောကအတွက် လူငယ် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရေးအတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ လူအများ စိတ်၀င်စားမှုအများဆုံး ရရှိသော ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို စက်တင်ဘာလတွင်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို အောက်တိုဘာလတွင် လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများအား တံခွန်စိုက် ဖလား၊ ဆုကြေးငွေနှင့် အခြားဆုများအား ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသော အစည်းအဝေးသို့ တက်ရောက်လာသော သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးမှ တာ၀န်ရှိသူများအနေဖြင့် ပူးပေါင်းပါ၀င်ဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
 
 
 
ဆက်လက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များသည် လူထုစုပေါင်း လမ်းလျှောက်ပွဲကို သတ်မှတ်အင်အားအတိုင်း ပါ၀င်ဆင်နွှဲမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများကို တာ၀န်ရှိသူမျာထံ ပြန်လည်တင်ပြပြီး သတ်မှတ်ရက်အတိုင်း ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သက်ဆိုင်ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ တာ၀န်ရှိသူများသည် ယခင်နှစ်များ အတိုင်း ပြိုင်ပွဲ၀င် စည်းမျဉ်း/စည်းကမ်းများကို ရေးဆွဲသတ်မှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများကိုလည်း အစဉ် အမြဲ ကြိုဆိုလျက်ရှိပါကြောင်း၊ အများပြည်သူများ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်လိုပါက ၀ဏ္ဏသိဒ္ဓိ အားကစား ကွင်းGATE (4)  တွင် စက်ဘီးများ စီစဉ်ထားပေးပြီး အခမဲ့လာရောက်စီးနင်းနိုင်ပါကြောင်း၊ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းတွင်လည်းGYM အားကစားနည်းစိတ်၀င်စားသော မိဘပြည်သူများ အခမဲ့ လာရောက်ကစားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ Physical Fitness Dance  လေ့ကျင့်ခန်းများ ပြုလုပ်ရန် စိတ်၀င်စားသော ၀န်ကြီးဌာနများရှိပါက သင်တန်းနည်းပြများ စေလွှတ်လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားရင်း အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

back to top Eng