skip to content

လာရှိုး၊ ဇူလိုင်လ (၂၃)ရက်။

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ လေ့ကျင့်ရေးအားကစားရုံတွင် ဇူလိုင်လ ၂၃ ရက်နေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ် ကအဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် က နုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

  

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့် ပြည်နယ်၀န်ကြီးများက အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။

ထို့နောက် အောင်နိုင်ရေး အလှူငွေများကို စေတနာရှင်၊ အလှူရှင်များက ပေးအပ်ရာ တာ၀န်ရှိသူများက လက်ခံရယူပြီး တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့၊ နည်းပညာတက္ကသိုလ်အကအဖွဲ့၊ ပညာရေးကောလိပ် သရုပ်ပြအဖွဲ့၊ SAKURA အကအဖွဲ့၊ ကိုးကန့်ယဉ်ကျေးမှုအကအဖွဲ့၊ ဘင်ခရာအဖွဲ့တို့က သရုပ်ပြဖျော်ဖြေခဲ့ကြသည်။

  

ယင်းနောက် အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကိုယ်ကာယလေ့ကျင့်ခန်းများကို ဂီတသံစဉ်များဖြင့် သရုပ်ပြသရာ တက်ရောက်လာသူများက လိုက်ပါဆောင်ရွက်ခဲ့ကြပြီးနောက် ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ပထမဆုံးပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြသည်။

  

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲကြီးတွင် အမျိုးသား (၁၃)သင်း၊ အမျိုးသမီး(၁၂)သင်း ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး (၅)ယောက်တွဲ အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲတွင် အုပ်စု (က) ရှမ်း၊ ကယား၊ ကရင်၊ ဧရာ၀တီ၊ အုပ်စု(ခ) ရန်ကုန်၊ တနင်္သာရီ၊ ပဲခူး၊ အုပ်စု(ဂ) ကချင်၊ စစ်ကိုင်း၊ ရခိုင်၊ အုပ်စု(ဃ) မန္တလေး၊ မွန်၊ မကွေး တို့ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် အုပ်စု(က) စစ်ကိုင်း၊ တနင်္သာရီ၊ ကယား၊ အုပ်စု(ခ) မကွေး၊ ရခိုင်၊ မန္တလေး၊ အုပ်စု(ဂ) ရှမ်း၊ ပဲခူး၊ ဧရာ၀တီ၊ အုပ်စု(ဃ) ရန်ကုန်၊ မွန်၊ ကရင် (၃)ယောက်တွဲ ဘတ်စကက်ဘောပြိုင်ပွဲ အမျိုးသားပြိုင်ပွဲတွင် အုပ်စု(က) ဧရာ၀တီ၊ တနင်္သာရီ၊ စစ်ကိုင်း၊ အုပ်စု(ခ) မွန်၊ ကယား၊ ရန်ကုန်၊ အုပ်စု(ဂ) ကရင်၊ ကချင်၊ ရှမ်း၊ အုပ်စု(ဃ) မကွေး၊ မန္တလေး၊ ပဲခူး၊ အမျိုးသမီးပြိုင်ပွဲတွင် အုပ်စု(က) ရန်ကုန်၊ ဧရာ၀တီ၊ ကချင်၊ အုပ်စု(ခ) ပဲခူး၊ မွန်၊ ရှမ်း၊ အုပ်စု(ဂ) စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ အုပ်စု(ဃ) ကယား၊ တနင်္သာရီ တို့ပါ၀င်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

  


back to top Eng