နေပြည်တော်၊ ဇန်နဝါရီလ(၁၅)ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသော ၂၀၂၀ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ နေ့လည် (၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ဝင်း၌ ကျင်းပရာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့ကြပါသည်။
ယနေ့ပြိုင်ပွဲများအဖြစ် မီတာ(၁၀၀၀၀)လမ်းလျှောက်(မ)၊ ကြိုးတပ်သံလုံးပစ် (ကျား/မ)၊ လှံတံပစ်(မ-၇မျိုးစုံ)၊ လှံတံပစ်(မ)၊ တုတ်ထောက်ခုန်(မ)၊ သုံးဆင့်ခုန်(မ)၊ လှံတံပစ်(မ-၇မျိုးစုံ)၊ တန်းမြင့်ခုန်(ကျား)၊ မီတာ ၄၀၀ တန်းကျော်ပြေး(ကျား/မ)၊ မီတာ ၁၀၀ (ကျား/မ)၊ မီတာ ၅၀၀၀ (ကျား/မ) ပြိုင်ပွဲများကျင်းပခဲ့သည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ကျင်းပရာ အမျိုးသားမီတာ (၄၀၀)တန်းကျော်ပြေး ပြိုင်ပွဲတွင် ပထမ အာစန်းဖာ (ရှမ်း)၊ ဒုတိယ သော်တာစိုး (မန္တလေး)၊ တတိယ စိုးမိုးအောင် (မကွေး)၊ အမျိုးသမီးမီတာ (၄၀၀) တန်းကျော်ပြေးပြိုင်ပွဲတွင် ပထမ နှင်းဝေရည် (မန္တလေး)၊ ဒုတိယ အိသက်လွင် (ဧရာဝတီ)၊ တတိယ မိုးကလျာစိုး (ရှမ်း)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ လည်းကောင်း၊ အမျိုးသမီး တုတ်ထောက်ခုန်ပြိုင်ပွဲတွင် ပထမ ဇင်မျိုးမျိုးသန့် (ဧရာဝတီ)၊ ဒုတိယ နှင်းအိ (ပဲခူး)၊ တတိယ ချောစုနန္ဒာ (မန္တလေး)တို့အား အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှလည်းကောင်း၊ အမျိုးသမီးမီတာ (၁၀၀)ပြိုင်ပွဲ တွင် ပထမဆု ရရှိသော သိမ့်သိမ့်စံ (တနင်္သာရီ)၊ ဒုတိယ မြင့်မြင့်စန်း (ဧရာဝတီ)၊ တတိယ လီမာပို (ကယား)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ်မှလည်းကောင်း၊ အမျိုးသားမီတာ (၁၀၀)ပြိုင်ပွဲတွင် ပထမ ထက်ရှိုင်းအောင် (မွန်)၊ ဒုတိယ ဟိန်းပြည့်စုံ (ရန်ကုန်)၊ တတိယ ကျော်စွာအောင် (တနင်္သာရီ)၊ အမျိုးသမီးမီတာ (၁၀၀၀၀)လမ်းလျှောက်ပြိုင်ပွဲတွင် ပထမ အေးကြွယ်မျိုး (မန္တလေး)၊ ဒုတိယ ရွှေသက်ဦး (စစ်ကိုင်း)၊ တတိယ မလှဦး (ရှမ်း)၊ အမျိုးသားကြိုးတပ် သံလုံးပစ်ပြိုင်ပွဲတွင် ပထမ စောဒီဇင်ဘာသိန်း (မကွေး)၊ ဒုတိယ နန္ဒာအောင် (မန္တလေး)၊ တတိယ ဟိန်းဇာနည်အောင် (မွန်)၊ အမျိုးသမီးကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ပထမ သွယ်သွယ်မိုး (ဧရာဝတီ)၊ ဒုတိယ အေးသူဟန် (စစ်ကိုင်း)၊ တတိယ ဇာနည်ဝင်း (ဧရာဝတီ)၊ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် ပထမ အေးချမ်းဗိုလ် (ပဲခူး)၊ ဒုတိယ မေကျော့ရှင်း (စစ်ကိုင်း)၊ တတိယ ဇာဇာလင်း (စစ်ကိုင်း)၊ အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲ တွင် ပထမ သန္တာမြင့် (စစ်ကိုင်း)၊ ဒုတိယ ဖရန်စစ္စတာ (တနင်္သာရီ)၊ တတိယ မြတ်မွန်အေး (ဧရာဝတီ)၊ အမျိုးသားတန်မြင့်ခုန်ပြိုင်ပွဲတွင် ပထမ ရာဇာဖြိုး (စစ်ကိုင်း)၊ ဒုတိယ ထက်အောင်အောင် (ဧရာဝတီ)၊ တတိယ မိုးသီဟဦး (နေပြည်တော်)၊ အမျိုးသားမီတာ (၅၀၀၀)ပြိုင်ပွဲ၊ အမျိုးသမီးမီတာ (၅၀၀၀)ပြိုင်ပွဲ၊ အမျိုးသမီး (၇)မျိုးစုံပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး (၁၀၀ x ၄)လက်ဆင့်ကမ်းပြိုင်ပွဲတို့တွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ အမျိုးသမီးလှံတံပစ်ပြိုင်ပွဲတွင် ၁၉၉၃ခုနှစ် (ရန်ကုန်တိုင်း)မှ အေးအေးမာတင်ထားသော တိုင်းနှင့် ပြည်နယ် စံချိန် (၃၈.၄၄)မီတာအား အေးချမ်းဗိုလ် (ပဲခူး) စံချိန် (၄၀.၇၃)မီတာ၊ မေကျော့ရှင်း (စစ်ကိုင်း) စံချိန် (၄၀.၂၆)မီတာ၊ အမျိုးသားတန်မြင့်ခုန်ပြိုင်ပွဲတွင် ၂၀၁၉ခုနှစ် (မန္တလေးတိုင်း)မှ အောင်ဇော်မင်းတင်ထား သော တိုင်းနှင့်ပြည်နယ် စံချိန် (၁.၉၃)မီတာအား ရာဇာဖြိုး (စစ်ကိုင်းတိုင်း)မှ (၁.၉၄)မီတာဖြင့် လည်းကောင်း၊ အမျိုးသားကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ၂၀၁၉ခုနှစ် မန္တလေးတိုင်းမှ နန္ဒာအောင်တင်ထားသော တိုင်းနှင့် ပြည်နယ် စံချိန် (၄၆.၂၆)မီတာအား စောဒီဇင်ဘာသိန်း (မကွေး)မှ (၄၇.၀၉)မီတာဖြင့်လည်းကောင်း အသီးသီးစံချိန်သစ်တင်ခဲ့ကြသည်။
အဆိုပါ ၂၀၂၀ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို (၁၆.၁.၂၀၂၀)ရက်နေ့ နံနက် (၆)နာရီ ၁၅မိနစ်အချိန်တွင် ဝဏ္ဏသိဒိ္ဓ အားကစားကွင်းအတွင်း၌ စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ရာ အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။