skip to content
 
ရန်ကုန်၊အောက်တိုဘာလ( ၂၁ )ရက်။
 
အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့တွင်အောက်တိုဘာ (၆)ရက်မှ (၁၃)ရက်နေ့အထိကျင်းပပြုလုပ်သည့် (၃)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိသော နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများနှင့် နည်းပြများ အား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ည(၆)နာရီက ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းရှိ M3 Food Center၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယ ဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဌ ဗိုလ်မှူးချုပ်ဝင်းလွင်၊ ဒုတိယဥက္ကဌ ဦးမျိုးမြင့်နှင့်အမှုဆောင်များ၊ အောင်ပွဲရမြန်မာ့လက်ရွေးစင်မသန်စွမ်းအားကစားသမားများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြသည်။
 
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယ ဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် က အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုအမှာစကားပြောကြား၍လည်းကောင်း၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဌ ဗိုလ်မှူးချုပ်ဝင်းလွင် က ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစား အဖွဲ့အဖွဲ့ခေါင်းဆောင် ဒုတိယဥက္ကြ ဦးမျိုးမြင့် က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
 
 
 
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က မီတာ(၅ဝ) နောက်ပြန်ကူးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရကျော်ထူးနှင့် မီတာ(၁ဝဝ) နောက်ပြန်ကူးငွေတံဆိပ်ဆုရ အောင်မြင့်မြတ်၊ မျက်မမြင်စစ်တုရင်တစ်ဦးချင်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရကောင်းစံနှင့် မျက်မမြင်စစ်တုရင်အသင်းလိုက်ပြိုင်ပွဲတွင်ငွေတံဆိပ်ဆုရကောင်းစံ၊ မျိုးဆန်းအောင်နှင့်သန်းဌေးတို့အား ငွေတံဆိပ်(၁)ခုလျှင်ငွေကျပ်သိန်း(၃ဝ)စီအား ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင် က ရေကူးမီတာ(၅ဝ)အလွတ်ကူးပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရ အောင်မြင့်မြတ်နှင့် မီတာ(၁ဝဝ) ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရ အောင်ငြိမ်းဦး တို့အား ဂုဏ်ပြုဆုငွေကျပ် (၂ဝ)သိန်း စီနှင့် နည်းပြဆရာများ အား တစ်ဦးလျင်ငွေကျပ်(၅)သိန်း နှုန်းဖြင့် နည်းပြ(၃)ဦးအတွက် ကျပ်(၁၅)သိန်း တို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
 
ဆက်လက်၍ အောင်ပွဲရမြန်မာ့လက်ရွေးစင်မသန်စွမ်းအဖွဲ့နှင့် အာရှအဆင့် (၇)မှ အဆင့်(၅)သို့ တက်လှမ်းနိုင်ခဲ့သော ထိုင်လျက်ဘော်လီဘောအသင်းတို့အတွက် အလှူရှင်အသီးသီးက ဂုဏ်ပြုဆုငွေကျပ် (၁၃၂)သိန်းကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဌ ဗိုလ်မှူးချုပ်ဝင်းလွင် ကလက်ခံရယူခဲ့ပြီး  မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့မှဆုရရှိသူတစ်ဦး က ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့သည်။
 
 
 
အဆိုပါဂုဏ်ပြုပွဲတွင် ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၂)ခုရရှိသော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများအား ငွေတံဆိပ်(၁)ခုလျင်ကျပ်သိန်း(၃ဝ)၊ ကြေးတံဆိပ်တစ်ခုလျင်ကျပ်သိန်း(၂ဝ)၊ နည်းပြတစ်ဦးလျင်ကျပ်(၅)သိန်းစီဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၇၅) သိန်းဖြစ်ကြောင်းသိရှိရသည်။

back to top Eng