နေပြည်တော်၊နို၀င်ဘာ(၂၇)ရက်။
ဖိလစ်ပိုင်နိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၁၉ခုနှစ် (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Rizal Memorial Stadium ကွင်း၌ ယနေ့ညနေဒေသစံတော်ချိန်(၄)နာရီအချိန်၊ မြန်မာစံတော်ချိန် မွန်းလွဲ(၂)နာရီခွဲအချိန်တွင် အုပ်စု ဒုတိယနေ့ ပွဲစဉ်အဖြစ် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် မြန်မာယူ-၂၂ အသင်းတို့ယှဉ်ပြိုင်ကစားကြရာ မြန်မာယူ-၂၂ အသင်းမှ ပထမပိုင်း (၁၇)မိနစ်တွင် အောင်ကောင်းမာန်မှ ဦးဆောင်ဂိုးရယူပေးခဲ့ပြီး၊ အိမ်ရှင်ဖိလစ်ပိုင်အသင်းမှ (၄၅)မိနစ်တွင် ချေပဂိုးပြန် လည်သွင်းယူခဲ့ရာ ပထမပိုင်းပွဲအပြီးတွင် တစ်ဘက်တစ်ဂိုးစီ သရေကျနေပြီး၊ ဒုတိယပိုင်း ဆက်လက် ယှဉ်ပြိုင်ကစားရာ (၇၈) မိနစ်တွင် ၀င်းနိုင်ထွန်းမှ အနိုင်ဂိုးကိုထပ်မံသွင်းယူပေးခဲ့ရာ မြန်မာအသင်းမှ ပြိုင်ပွဲအပြီးတွင် (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ အုပ်စုပွဲ(၂)ပွဲအပြီးတွင် မြန်မာယူ-၂၂ အသင်းသည် တစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် ရမှတ်(၄)မှတ်ရရှိပြီး၊ အိမ်ရှင်ဖိလစ်ပိုင်အသင်းသည် တစ်ပွဲသရေ၊တစ်ပွဲရှုံးဖြင့် ရမှတ်(၂)မှတ်ရရှိခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါပြိုင်ပွဲသို့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာသံရုံးမှတာ၀န်ရှိသူများ၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဦးကျော်ဇင်မိုးနှင့် မြန်မာအားကစားအဖွဲ့မှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် ဒုတိယဥက္ကဌများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာဘောလုံးပရိတ်သတ်များ လာရောက်ကြည့်ရှု့အားပေးကြပါသည်။
(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲကို (၂၉.၁၁. ၂၀၁၉)ရက်နေ့ ဒေသစံတော်ချိန်(၄)နာရီအချိန်၊ မြန်မာစံတော်ချိန် မွန်းလွဲ(၂)နာရီခွဲအချိန်တွင် မြန်မာယူ-၂၂ အသင်းနှင့် တီမောလက်စတီအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။