skip to content
နေပြည်တော်၊ အောက်တိုဘာ (၁၇)ရက်။          
 
(၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့ အောင်မြင်စွာ၀င်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ ပြည်ထောင်စု၀န်ကြီးထံတင်ပြခြင်းနှင့် လမ်းညွှန်မှုခံယူခြင်းအခမ်းအနားအား ယနေ့ ညနေ(၃)နာရီအချိန်တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ရုံးအမှတ်(၄)ရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကားပြော ကြားပါသည်။
 
ရှေးဦးစွာ ပြည်ထောင်စု၀န်ကြီးမှအမှာစကားပြောကြားရာတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၀င်မည့် မြန်မာနိုင်ငံမှအားကစားသမားများ၊ အုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့်ပြိုင်ပွဲတွင်အား ကစားစိတ်ဓါတ်ပြည့်၀စွာဖြင့် ယှဉ်ပြိုင်ခြင်း၊ ပြိုင်ပွဲ၀င်အားကစားသမားများနှင့် အားကစားအဖွဲ့ချုပ်များအချင်းချင်းအကြား ချစ်ကြည်ရင်းနှီးမှု၊ ပြိုင်ပွဲ၀င်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေရေးရှေးရှု၍ ၀န်ကြီးဌာနခွင့်ပြုရရှိသာ ဘဏ္ဍာငွေအခြေအနေနှင့်ချိန်ထိုး၍ ပါ၀င်ယှဉ်ပြိုင်သွားရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲ၀င်အားကစားသမားများရွေးချယ်စေလွှတ်ရာတွင်လည်း နိုင်ခြေအဆင့်မြင့်မားသည့်အား ကစားသမားများသာမက မျိုးဆက်သစ်အားကစားသမားများကိုပါ အတွေ့အကြုံရရှိစေရေး စေလွှတ်သွားရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင်ပါ၀င်သည့် အုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့် မိမိတို့၏ အားကစားသမားပြိုင်ပွဲ၀င်မှု ကိစ္စရပ်များကို လုပ်ဆောင်ခြင်းသာမက အခြားပြိုင်ပွဲ၀င် နိုင်ငံများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အတွေ့အကြုံနှင့် နည်းစနစ်ဖလှယ်မှုများ ကွန်ယက်ချိတ်ဆက် ဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်စေလိုပါကြောင်း ပြိုင်ပွဲ၀င်အားကစားသမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု နေထိုင်စား သောက်မှုများကိုလည်း အထူးအလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အောင်ပွဲရရှိသည့်အား ကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများကို ၀န်ကြီးဌာနအနေဖြင့် ထိုက်တန်စွာဆုချီးမြှင့်မည်ဖြစ်ပါကြောင်း၊ အားကစားသမားကောင်းတစ်ဦးမွေးထုတ်ရန်အတွက် အချိန်ယူဆောင်ရွက်ရသည်ဖြစ်သဖြင့် ၀န်ကြီးဌာနရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆောင်ရွက်ရန်လိုအပ်သည့်အပြင် ပညာရေး၀န်ကြီးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် အားကစားလှုပ်ရှားမှုများနှင့် ပြိုင်ပွဲများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများအနေဖြင့် အချင်းချင်းရိုင်းပင်းကူညီမှုစိတ်ဓါတ်ဖြင့် မိမိတို့နိုင်ငံတော်၏အလံကို အောင်လံလွှင်ထူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
 
 
ဆက်လက်၍ ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်မှ မြန်မာအားကစားအဖွဲ့သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်၊ လူရွေးချယ်စေလွှတ်နိုင်ရေးအတွက် ဒုုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာ၀န်ရှိသူများဦးစီး၍ အားက စားအဖွဲ့ချုပ်များဖြင့် ရန်ကုန်၌(၄)ကြိမ်၊ နေပြည်တော်၌(၃)ကြိမ် ပြုလုပ်စာရင်းရယူခဲ့ပါကြောင်း၊ ရယူပြီး သောလူစာရင်းများအား ဒုတိယ၀န်ကြီးမှဦးစီး၍ အဖွဲ့ချုပ်ဥက္ကဋ္ဌများ ပါ၀င်သောအစည်းအဝေးကို သြဂုတ်လ(၁၁)ရက်နေ့တွင် ရန်ကုန်၌တစ်ကြိမ်၊ နေပြည်တော်မှ စက်တင်ဘာလ(၂၆)ရက်နေ့မှာတစ်ကြိမ်ပြုလုပ်ပြီး ယှဉ်ပြိုင်ရန်လူစာရင်းကို အတည်ပြုခဲ့ပါကြောင်း၊ ရရှိပြီးလူစာရင်းအား ပြည်ထောင်စု၀န်ကြီးထံတင်ပြ၍ အတည်ပြုရယူမည်ဖြစ်ပါသည်။အတည်ပြုပြီးသွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား(၂) နိုင်ငံပူးတွဲလေ့ကျင့်မှု အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံသို့ စေလွှတ်လေ့ကျင့်စေပြီး နို၀င်ဘာလတွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံသို့ ထပ်မံစေလွှတ်လေ့ကျင့်စေပြီး ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပါသည်။
 
 
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ (၃၀)ကြိမ်မြောက်ပြိုင်ပွဲအား ဖိလစ်ပိုင်နိုင်ငံမှအိမ်ရှင်အဖြစ် နို၀င်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၂)ရက်နေ့အထိ မြို့ကြီး(၄)မြို့တွင် အားကစားနည်း(၅၆)မျိုးကို လက်ခံကျင်းပမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ အားကစားနည်း(၃၂)မျိုးပါ၀င်ယှဉ်ပြိုင်ရန်လျာထားပြီး စုစုပေါင်းအင်အား(၅၂၇)ဦးဖြင့် ပါ၀င်ယှဉ်ပြိုင် ရန်လျာထားပါကြောင်း၊ (၄၅၇)ဦးမှာ နိုင်ငံတော်စရိတ်ဖြင့် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး(၇၀)ဦးမှာ အဖွဲ့ချုပ်စရိတ်ဖြင့် ကုန်ကျပါ၀င်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ သွားရောက်ယှဉ်ပြိုင်မည့်အားကစားအဖွဲ့များ၏ ကုန်ကျစရိတ် အသေးစိတ်ကိုလည်းကောင်း၊ အောင်မြင်မှုရရှိပါက ဆုချီးမြှင့်ငွေအား နိုင်ငံတော်သို့ တင်ပြထားရှိမှုကိုလည်းကောင်း၊ အားကစားအဖွဲ့ချုပ်နှင့်ပူးပေါင်းကြိုတင်ပြင်ဆင်ထားရှိမှု အကြောင်းအရာများကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ပါသည်။
 
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော ဒုတိယအမြဲတမ်းအတွင်း၀န်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အခြားတာ၀န်ရှိသူများမှ လိုအပ်သည်များကိုအသီးသီးထပ်မံ ဖြည့်စွက် ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးမှ မြန်မာအားကစားအောင်မြင်မှုရရှိစေရေး ၀ိုင်း၀န်းကြိုးစားကြရန်နှင့် အားကစားသမားများထောက်ပံ့ငွေတိုးမြှင့်ပေးရေး ဆုကြေးငွေသတ်မှတ်ပေးနိုင်မှုသိရှိနိုင်ရန်အမြန်ဆုံး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လိုက်ပါမည့်အားကစာအဖွဲ့များ ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များ၊ အခြားကိစ္စရပ်များကိုဆုံးဖြတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
 
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးနှင့်အတူ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်း၀န် ပါမောက္ခဒေါက်တာ သက်ခိုင်၀င်း၊ အမြဲတမ်းအတွင်း၀န် ဒေါက်တာသာထွန်းကျော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦးနှင့် ၀န်ကြီးရုံး(အားကစား)၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
 

back to top Eng