မန္တလေး ၁၆ ဒီဇင်ဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့၏ လမ်းညွှန်မှူဖြင့် Myan Shwe Pyi Tractors Limited နှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတဝန်းလုံးရှိ လူငယ်များ စက်ဘီးအားကစားနည်းတွင် စိတ်ပါဝင်စားလာစေရန်၊ ထူချွန်ထက်မြက်၍ နိုင်ငံဂုဏ်ဆောင်နိုင်သော စက်ဘီးအားကစားသမား မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပပြုလုပ်သည့် အမျိုးသားတံခွန်စိုက် Moutain Bike Cross Country စက်ဘီးစီးပြိုင်ပွဲကို မန္တလေး ပုသိမ်ကြီးမြို့နယ် နေကာတောင်ခြေ တာလွှတ်စုရပ်နေရာ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ တောင်တက် တောင်ဆင်း လမ်းကြမ်းခရီးစက်ဘီးစီးပြိုင်ပွဲတွင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုတို့နှင့် ပြည်နယ်နှင့် တိုင်းအသင်းများနှင့် အားကာသိပ္ပံအသင်းများနှင့် ကလပ်အသင်းများ စုစုပေါင်း ၁၃ သင်းတို့မှ လူသစ်တန်း၊ အလွတ်တန်း၊ U-19lU-23၊ နှင့် အမျိုးသမီးပြိုင်ပွဲတို့တွင် စုစုပေါင်း စက်ဘီးစီးအားကစားသမားပေါင်း ၇၆ ဦး ပါဝင်ခဲ့ကြကာ တာထွက်စုရပ်နေရာသို့ ရောက်ရှိနေရာယူကြပြီး မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒိုင်ချုပ်မှ တာလွတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ပြိုင်ပွဲဝင်အတန်းလိုက်မှ စက်ဘီးစီးအားကစားသမားများက တာထွက်စုရပ်မှ နေကာတောင်ပေါ် သတ်မှတ်လမ်းအတိုင်းသို့ ခရီးကြမ်းကို အကြိတ်အနယ်စီးနင်း ယှဉ်ပြိုင်ခဲ့ကြပြီး နေကာတောင်ခြေတာဖမ်းစုရပ်နေရာသို့ ပန်းဝင်ခဲ့ကြသည်။
ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲကို ဆုပေးမဏ္ဍပ်တွင် ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်သူနှင့်တာဝန်ရှိသူတို့က Men Elite တန်းပြိုင်ပွဲ၌ စံချိန် 1:20:22.27 ဖြင့် စောအယ်ဒူးက ပထမ၊ စံချိန် 1:20:25.28 ဖြင့် ဒုတိယ၊ စံချိန် 1:21:04.46 ဖြင့် ကျော်ထွန်းဦး တတိယဆုနှင့် စတုထ္ထဆုရ ထားဝယ်၊ ပဉ္စမဆုရ သိန်းထိုက်ဇော်၊ Men Masters တန်းပြိုင်ပွဲတွင်၊ စံချိန် 55:50.07 ဖြင့် အောင်ကောင်းစည် ကပထမ၊ စံချိန် 57:10.91 ဖြင့် စောသန်းကဒုတိယ၊ စံချိန် 58:60.61 ဖြင့် ထွန်းနိုင်ကတတိယ၊ ကြည်မြင့်ကစတုထ္ထ၊ မျိုးသူရက ပဉ္စမ၊ U-23 ပြိုင်ပွဲတွင် ကောင်းစည်သူကပထမ၊ ရှိူင်းထက်အောင်က ဒုတိယ၊ ဇင်ကိုက တတိယ၊ ကောင်းဝေလျံက စတုထ္ထနှင့် စိုးဝေလင်းကပဉ္စမ၊ U-19 ပြိုင်ပွဲတွင် ဘုန်းပြည့်စိုးက ပထမ၊ ထက်ဇင်နိုင်က ဒုတိယ၊ သူရကျော်က တတိယ၊ အောင်ဇင်ဖြိုးက စတုထ္ထနှင့် တင်ကိုဝင်းကပဉ္စမဆု၊ Women အမျိုးသမီးပြိုင်ပွဲတွင် ခင်နှင်းဝေက ပထမ၊ ဟေမာဝင်းက ဒုတိယနှင့် ဖူးပွင့်ချို က တတိယဆု အသီးသီးရရှိကြသူတို့ကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် တက်ရောက်အားပေးကြသော အဖွဲ့ချုပ်မှ တာဝန်ရှိသူများ ဧည့်သည်တော်များ စက်ဘီးဝါသနာရှင်များအား စေတနာရှင်မှ ရွိုင်ရယ်ဒီ အားဖြည့်အချိုရည်ဘူးများ ပေးဝေခဲ့ကြကြောင်း သိရသည်။
တင်မောင်မန်းကိုယ်ပွား