skip to content

နေပြည်တော် ၊ ဇွန်လ(၁၃) ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ပြောင်းလဲတိုးတက်နေသော စားပွဲတင်တင်းနစ်အားကစားနည်း၏ နည်းစနစ်များ၊ စည်းမျဉ်း/စည်းကမ်းများကို သိရှိနားလည်ပြီး အမြင်ချင်းဖလှယ် ရယူရန်၊ နိုင်ငံ့ကိုယ်စားပြု စားပွဲတင်တင်းနစ် ကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲပွဲစဉ်များကို ယနေ့နံနက် (၉:ဝဝ)နာရီအချိန်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများ  တက်ရောက်ကြပါသည်။

အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်း နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေး၊  စားပွဲတင်တင်းနစ် အားကစားနည်းသည် အခြားအားကစားနည်းများကဲ့သို့ ကိုယ်ခန္ဓာကြီးထွားမှုနှင့် အရပ်အမောင်းမြင့်မားမှုတို့က အဓိကမကျဘဲ သွက်လက်ဖျတ်လက်မှု၊ သက်လုံကောင်းမှု၊ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုနှင့် တစ်ဖက်ပြိုင်ဘက် အားကစားသမား၏ အားနည်းချက်ကို ချက်ချင်းတုံ့ပြန်ပြီး ပြန်လည်အသုံးချနိုင်မှုတို့ကို အဓိကထားရသော အားကစားနည်းဖြစ်ကြောင်း၊ အားကစားကွင်းနေရာအနေနှင့်လည်း အကျယ်အဝန်းအထိုက်အလျောက်ရှိလျင် ကစားနိုင်သော အားကစားနည်းဖြစ်ကြောင်း၊ လူငယ်များနှင့် အလွန်လိုက်ဖက်ညီသော အားကစားနည်းဖြစ်သော်လည်း လူကြီးများအနေနှင့်လည်း ကိုယ်လက်လှုပ်ရှားမှု မပြင်းထန်ဘဲ ကစားနိုင်သော ကစားနည်းဖြစ်သောကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်သော ကစားနည်းဖြစ်ပါကြောင်း၊ ယနေ့ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သော တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ အားကစားသမားများအနေဖြင့် မိမိတို့၏ အရည်အချင်းများကို အစွမ်းကုန်ဖော်ထုတ်ပြသပီး မိမိတို့တိုင်း ဒေသကြီးနှင့်ပြည်နယ်အသင်း အောင်နိုင်ရေးအတွက် ဇွဲ၊ စိတ်ဓါတ်အပြည့်နှင့် သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားရင်း ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ် ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။ 

   

ဆက်လက်၍ အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲ ပွဲစဉ်များ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၅)သင်း၊ အမျိုးသမီး(၁၃)သင်း၊ အားကစားသမား စုစုပေါင်း (၁၈၅)ဦး တို့သည် ဇွန်လ(၁၃)ရက်နေ့မှ ဇွန်လ(၁၇)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိအားကစား(C)ရုံတွင် နေ့စဉ်နံနက် (၉:ဝဝ)နာရီ မှစ၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် စားပွဲတင်တင်းနစ်အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။


back to top Eng