ရန်ကုန် ဇန်နဝါရီ ၆
၂ဝ၁၉ ရာသီကြို MFF ချာရတီဖလားပြိုင်ပွဲကို ယနေ့ညနေ ပိုင်းတွင် ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်း၌ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းတို့ ပွဲချိန်မိနစ် ၉ဝ တွင် တစ်ဂိုးစီသရေကျနေ၍ ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ ရှမ်းယူနိုက်တက်အသင်းက ၄ ဂိုး ၃ ဂိုး စုစုပေါင်း ၅ ဂိုး ၄ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ရှမ်းယူနိုက်တက် အသင်းသည် ၂ဝ၁၉ ရာသီကြို ပထမဆုံးပြိုင်ပွဲဖြစ်သည့် ချာရတီဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရယူပြီး ရာသီအဖွင့်လှခဲ့ကာ ယခုပွဲတွင် ကစားပုံပိုကောင်းခဲ့သလို ပယ်နယ်တီ ဆုံးဖြတ်ရာတွင်လည်း ဂိုးသမား သီဟစည်သူ၏ လက်စွမ်းပြမှုကြောင့် အနိုင်ရ ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်အသင်းမှာ ယခုပွဲတွင် စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး အမာခံကစားသမားများနှင့် လူငယ်ကစားသမား အချို့ကို တွဲဖက်ပွဲထုတ်ရာတွင် ပုံစံကောင်းပြသနိုင်ခြင်းမရှိခဲ့ပေ။
ရှမ်းယူနိုက်တက်အသင်းသည် အသစ်ခေါ်ယူထားသည့် မေကွန်၊ ဂူစတာဗို၊ နန္ဒကျော်၊ ဆက်ဖြိုးဝေ၊ နာကာမူရာတို့ကို ပွဲထွက်လူစာရင်းတွင်အသုံးပြုကာ သီဟစည်သူ၊ ဒေးဗစ်ဒန်း၊ ဟိန်းသီဟဇော်တို့ဖြင့် တွဲဖက်အသုံးပြုခဲ့သည်။
ရန်ကုန်အသင်းမှာ ဂိုးသမား ကျော်ဇင်ထက်နှင့် ဘယ်နောက်ခံလူ မင်းကျော်ခန့်တို့ ပွဲပယ်ခံထားရ၍ လူငယ်ဂိုးသမား ဆန်းဆက်နိုင်ကိုအသုံးပြုခဲ့ပြီး မောင်မောင်လွင်၊ ရန်အောင်ကျော်၊ မင်းကိုသူ၊ ကျော်ဇင်ဦး၊ ဆယ်လာ၊ ယာမာ ဇာကီတို့ဖြင့် ပွဲထွက်ခဲ့သည်။
ပထမပိုင်း ၂၅ မိနစ်တွင် ရှမ်းယူနိုက်တက် အသင်းဂိုးစရခဲ့ပြီး မေကွန်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့သည်။ ၃၄ မိနစ်တွင် ရွှေကို၏ကန်ချက် တိုင်ထိထွက်ခဲ့၍ ရှမ်းယူနိုက်တက်အသင်း နှစ်ဂိုးပြတ်ဦးဆောင်နိုင် မည့်အခွင့်အရေး လက်လွှတ် ခဲ့ရသည်။ ဒုတိယ ပိုင်းတွင် ရန်ကုန်အသင်းက တိုက်စစ်အား မြှင့်တင်ခဲ့သလို ကြည်လင်း၊ ရန်လင်းအောင် နှင့် သီဟဇော်တို့ကိုထည့်ကာ အပြောင်းအလဲလုပ်ခဲ့သောကြောင့် ကွင်းလယ်ကစားပုံ ပိုကောင်းခဲ့သည်။ ၅၂ မိနစ်တွင် ရန်ကုန်အသင်းချေပဂိုးပြန်ရခဲ့ပြီး မိုကာလူးက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။
အချိန်ပိုဆက်မကစားဘဲ ပယ်နယ်တီဖြင့် တိုက်ရိုက်ဆုံးဖြတ်ခဲ့သည်။ ပယ်နယ်တီကန်သွင်းမှုတွင် ရှမ်းယူနိုက်တက် အသင်းက ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယခုပွဲတွင် ကွင်းဝင်ကြေး ငွေကျပ် ၂၅သိန်းကျော်ရရှိခဲ့ပြီး မြန်မာနေရှင်နယ်ကလပ်အသင်းများက စုပေါင်းလှူဒါန်းငွေများကို ကျိုက်ဝိုင်းလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံ၊ သဘာဝခေါ်သံဖောင်ဒေး ရှင်း၊ ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များကွန်ရက်နှင့် မဟာဓမ္မရက္ခိတဘုန်းတော်ကြီး သင်ပညာရေးကျောင်း တို့သို့ ငွေကျပ်သိန်း ၃ဝ စီဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်တာဝန်ရှိသူများက ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ချာရတီဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ချန်ပီယံဆုဖလားပေးအပ်ကြောင်းသိရသည်။