skip to content

နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၂၇)ရက်။  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Physical Education Seminar  ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် တက်ရောက်အမှာစကားပြောကြား ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် တက်ရောက် အမှာစကားပြောကြားဆွေးနွေးပါသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချစ်စိန်၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးတင်မောင်ဝင်းနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ တည်ဆောက်ရာတွင် Physical Education Seminar သည် မဖြစ်မနေ ထည့်သွင်းလုပ်ဆောင်ရမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ နိုင်ငံ၏ကျောင်းသား၊ လူငယ်၊ လူရွယ်များငယ်စဉ်ဘဝမှ ကိုယ်ကာယကြံ့ခိုင်ကောင်းမွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံမှ တိုင်းပြည်အတွက် အားကိုးရမည့်ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ အခြေခံပညာကျောင်းများ၌ ကာယအားကစားအချိန်များတွင် ကျောင်းသားများအားကစားကို သတ်မှတ်ချိန်သင်ရိုးညွှန်းအတိုင်း လေ့ကျင့်ကစားနိုင်ခွင့်ရရှိလာသည်နှင့်အညီ  လူငယ်များမူးယစ်ဆေးသုံးစွဲခြင်း၊ အခြားမလိုလားအပ်သော အပျော်အပါးနှင့်အချိန်ကုန်မှုကင်းဝေးခြင်း၊ ပညာသင်ကြားမှုတွင် ဉာဏ်ပညာထက်မြက်လာပြီး သင်ကြားတတ်မြောက်မှုအထောက်အကူပြုစေခြင်း၊ အကျိုးကျေးဇူးများကို ရရှိမှာဖြစ်သောကြောင့် တိုင်းပြည်အတွက် အားထားရမည့် လူငယ်မျိုးဆက်သစ်များ ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများမှတစ်ဆင့် ကျောင်းသားအားကစားပွဲတော်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကျောင်းသားလူငယ်များ အားကစားကို ပိုမိုစိတ်ပါဝင်စားမည်ဖြစ်ပြီး နိုင်ငံတော်အတွက် ထူးချွန်သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများလည်း ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ယခင်ကျင်းပခဲ့ဖူးသော ကျောင်းသားအားကစားပွဲတော်ပြိုင်ပွဲမှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ အများအပြားပေါ်ထွက်လာခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ အခြေခံပညာကျောင်းများ၌ Physical Education Seminar လုပ်ငန်းများ ကာယလုပ်ငန်းများယခုထက်အရှိန်အဟုန်မြင့် လုပ်ဆောင်နိုင်ရေးတွင် Physical Education Seminar ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရမည်ဖြစ်ပါကြောင်း၊ အဆိုပါ အစည်းအဝေးအောင်မြင်နိုင်ရေး အားကစားနှင့်ပညာရေးပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုအခါ ပညာရေးဝန်ကြီးဌာနမှ ပညာရေးသင်ရိုးသစ်များ ရေးဆွဲနေသော ကာလဖြစ်ပါသောကြောင့် အခြေခံပညာကျောင်းများ၌ Physical Education အချိန်ထည့်သွင်းရေးဆွဲနေသည်ဟု သိရသော်လည်း ယခုထက် ပိုမိုထိရောက်လုပ်ဆောင်နိုင်အောင် ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဘက်မှ လိုအပ်သည်များ ဝိုင်းဝန်းကူညီပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ်လူငယ်များ အခြေခံပညာကျောင်းများမှ Physical Education လုပ်ငန်းများ အပြည့်အဝလုပ်ဆောင်နိုင်ပြီး ကျောင်းသားအားကစားပွဲတော်မှတစ်ဆင့် Asian School Game, Asian University School Game, SEA ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး နိုင်ငံအတွက် အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော်တွင်လည်း ကျန်းမာကြံ့ခိုင်သော လူငယ်မျိုးဆက်သစ်များရရှိပြီး တိုင်းပြည်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုပြုလုပ်မည့် National Physical Education Seminar မှ ပေါ်ထွက်လာသော လုပ်ငန်းများအား  မဖြစ်မနေ ဝိုင်းဝန်းအကောင်အထည်ဖေါ်နိုင်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချစ်စိန်မှ National PE Seminar ဖြစ်ပေါ်လာရေးတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းမှ  ယခုကျင်းပပြုလုပ်မည့် National PE Seminar သည် နိုင်ငံ၏ လူငယ်မျိုးဆက်သစ်များတွင် မဖြစ်မနေ ပြုလုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်ပြီးNational PE Seminar  တွင်  ဆွေးနွေးကြမည့် ပညာရှင်များ  ဆွေးနွေးမည့် ခေါင်းစဉ်များအား  တင်ပြဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်ကြသူများမှ National PE Seminar ဖြစ်မြောက်ရေးအတွက် လိုအပ်သည့် အကြံပြုချက်များကို ဝိုင်းဝန်းအကြံပေးဆွေးနွေးကြပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ National PE Seminar ကျင်းပနိုင်ရေးတွင်  နေရာ၊ အချိန်၊ ဖိတ်ကြားကြိုဆိုရေးနှင့် တက်ရောက်မည့်အင်အားတို့အား အတည်ပြုဆွေးနွေးတင်ပြတောင်းခံခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးမှ National PE Seminar ကျင်းပနိုင်ရေးလုပ်ငန်းလိုအပ်ချက်များ ထပ်မံဖြည့်စွက်ဆွေးနွေးတင်ပြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးမှ နိဂုံးချုပ် အဆုံးသတ်ဆွေးနွေးပြောကြားရာတွင် National PE Seminar အား ၂ဝ၁၉ ခုနှစ်၊ မေလထဲတွင် (၂)ရက် ကျင်းပရန်နှင့် ဝဏ္ဏသိဒ္ဓိ(B)အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယခုတင်ပြသော ဆွေးနွေးမည့် အသိပညာရှင် ၊ အတတ်ပညာရှင်များ၊ ခေါင်းစဉ်များအား သဘောတူလက်ခံပါကြောင်း၊ ၄င်းအပြင် ပြည်ပနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊  စင်္ကာပူ နှင့် သြစတြေးလျ မှ PE ပညာရှင်များ ခေါ်ယူဆွေးနွေးရန် ဖိတ်ကြားထားပါကြောင်းနှင့် အစည်းအဝေး အောင်မြင်ရေးတွင် ဝိုင်းဝန်းကြိုးစားလုပ်ဆောင်သွားကြရန်နှင့် ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက် လုပ်ငန်းစဉ်များ အမြန်ဆုံးအကောင်အထည်ဖေါ်သွားရန် လိုအပ်ပါကြောင်း ပြောကြားသွားကြောင်း သတင်းရရှိပါသည်။
 


back to top Eng