skip to content
 
နေပြည်တော် ၊ မေလ(၇) ရက်။ 
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနနှင့် ပညာရေး၀န်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Physical Education Today For an Active Tomorrow Seminar အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီအလိုက် ပြင်ဆင်ဆောင်ရွက်မှုအခြေအနေ၊ သုံးစွဲမှုကုန်ကျစရိတ်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအေ၀းကို ယနေ့နေ့လည်(၃း၀၀)နာရီ အချိန်တွင် ၀ဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းရှိ အစည်းအေ၀းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန် တက်ရောက်အမှာစကားပြောကြားပါသည်။
 
အဆိုပါ အစည်းအေ၀းသို့ ဒုတိယ၀န်ကြီးနှင့်အတူ PE Seminar  ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အခြေခံပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးတင်မောင်၀င်းနှင့် တာ၀န်ရှိသူများ၊ ဖွဲ့စည်းတာ၀န်ပေးအပ်ထားသော လုပ်ငန်းဆပ်ကော်မတီအသီးသီးမှ ဥက္ကဌ၊ အတွင်းရေးမှူးများ တက်ရောက်ကြပါသည်။
 
ဆက်လက်၍ ဒုတိယ၀န်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်မည့် PE Seminar  ကုန်ကျစရိတ်များအား Plan International Co.Ltd  မှ လှူဒါန်းသွားမည်ဖြစ်ပါကြောင်း၊ ကုန်ကျစရိတ် အားလုံးကို လိုသလောက်စေ့စပ်စွာ သုံးစွဲရန်လိုအပ်ပါကြောင်း၊ လှူဒါန်းငွေမှ ပိုလျှံငွေများအား မြစ်ကြီးနား၊ ကချင်၊ ရခိုင်၊ ကရင် စစ်ဘေးရှောင်စခန်းရှိ ကလေးသူငယ်များအတွက် အားကစားပစ္စည်းများ၀ယ်ယူလှူဒါန်းသွားရန်စီစဉ်ထားရှိပါကြောင်း၊ ယခုပြုလုပ်မည့် PE Seminar  သည် နိုင်ငံတော်အတွက် ပထမဆုံးအကြိမ်ဖြစ်သလို နိုင်ငံတော်အတွက် အရေးကြီးအခန်းကဏ္ဍမှပါ၀င်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ အားကစားပြုလုပ်နိုင်မှ တိုင်းပြည်ရှိ မျိုးဆက်သစ်လူငယ်များ ကျန်းမာကြံ့ခိုင် ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး လူငယ်များ မူးယစ်ဆေး၀ါးသုံးစွဲမှုကင်းစင်လာမှာဖြစ်ပါကြောင်း၊ အားကစားလောကတွင်လည်း မျိုးဆက်သစ် ထူးချွန်လူငယ်အားကစားသမားများပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ပညာရေးအခြေခံကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
 
ဆက်လက်၍ အစည်းအေ၀းတက်ရောက်လာကြသော ဆပ်ကော်မတီအသီးသီးမှ တာ၀န်ရှိသူများမှ အစည်းအဝေးသို့ဖိတ်ကြားမည့် အင်အားအမည်စာရင်းများ အတည်ပြုခြင်း ဆွေးနွေးမည့် စာတမ်း ခေါင်းစဉ်များ အတည်ပြုခြင်း၊ တည်းခိုကြိုဆိုဧည့်ခံနေရာချထားရေးကိစ္စရပ်များ၊ ကုန်ကျစရိတ်များ ခန့်မှန်း တင်ပြခြင်း၊ သတင်းပြန်ကြားရေးတွင် ဖိတ်ကြားမည့် မီဒီယာများဆိုင်ရာ ကိစ္စရပ်များ၊ စာတမ်းရှင် နိုင်ငံခြားသားများ တည်းခိုနေထိုင်သွားလာရေးကိစ္စရပ်များ၊ ကျန်းမာရေးဆောင်ရွက်မှုကိစ္စရပ်များ၊ ဆပ်ကော်မတီအလိုက် လုပ်ငန်းအသီးသီးခန့်မှန်းကုန်ကျစရိတ်များ အသီးသီး၀ိုင်း၀န်းဆွေးနွေးခဲ့ကြပါသည်။
 
ထို့နောက် ဒုတိယ၀န်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng