နေပြည်တော်၊ သြဂုတ် (၈)ရက်။
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့်SMM 3rd Asian '' Asia World Foundation ''Men's U-23 Volleyball Championship ပြိုင်ပွဲအား ယနေ့နံနက် (၁၁)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)နှင့်(C)တို့၌ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ယနေ့ပွဲစဉ်များကို နိုင်ငံအလိုက်အဆင့်သတ်မှတ်ချက်များအနေဖြင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)နှင့်(C)တို့တွင် သီရိလင်္ကာအသင်းနှင့် တရုတ်(တိုင်ပေ)အသင်း၊ သြစတေးလျအသင်းနှင့် ပါကစ္စတန်အသင်း၊ ကာဇက်စတန်အသင်းနှင့် တရုတ်အသင်း၊ ဂျပန်အသင်းနှင့် အိန္ဒိယအသင်းတို့သည် နိုင်ငံအလိုက်အဆင့် သတ်မှတ်ချက် (၁)မှ(၈)အတွင်းလည်းကောင်း၊ မြန်မာအသင်းနှင့် ဘာရိန်းအသင်း၊ ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်း၊ ဟောင်ကောင်အသင်းနှင့်ကာတာအသင်း၊ ဆော်ဒီအာရေးဘီးယားအသင်းနှင့် နယူးဇီလန်အသင်းတို့သည် နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက် (၉)မှ (၁၆)အတွင်းလည်းကောင်း ယှဉ်ပြိုင်ကစားလျက်ရှိသည်။
ထို့နောက် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ တရုတ်(တိုင်ပေ)အသင်းနှင့် သီရိလင်္ကာ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂၄-၂၆)မှတ်၊ (၂၃-၂၅) မှတ်၊ (၂၄-၂၆)မှတ်ဖြင့် လည်းကောင်း၊ ဘာရိန်းအသင်းနှင့် မြန်မာ အသင်းတို့ယှဉ်ပြိုင်ကစားကြရာ(၂၅-၂၁)မှတ်၊ (၂၅-၂၂)မှတ်၊ (၂၅-၂၂)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိ သွားပါသည်။
ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆော်ဒီအာရေးဘီးယားအသင်းနှင့် နယူးဇီလန် အသင်းတို့ယှဉ်ပြိုင်ကစားကြရာ (၂၅-၂၂)မှတ်၊ (၂၅-၂ဝ)မှတ်(၂၅-၁၇)မှတ်ဖြင့်လည်းကောင်း၊ ပါကစ္စတန်အသင်းနှင့် သြစတေးလျအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂၉-၂၇)မှတ်၊ (၂၅-၂၃)မှတ်၊ (၂၅-၂၁)မှတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
ထို့နောက် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဗီယက်နမ်အသင်းနှင့်ထိုင်းအသင်း၊ ဟောင်ကောင်အသင်းနှင့်ကာတာအသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကာဇက်စတန်အသင်းနှင့်တရုတ်အသင်း၊ ဂျပန်အသင်းနှင့်အိန္ဒိယအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါSMM 3rd Asian '' Asia World Foundation ''Men's U-23 Volleyball Championship ပြိုင်ပွဲကို (၃.၈.၂ဝ၁၉)ရက်နေ့မှ (၁၁.၈.၂ဝ၁၉)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)နှင့်(C)တို့၌ နေ့စဉ် နံနက်(၁၁)နာရီအချိန်မှစတင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင် စားသူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။