skip to content

ရန်ကုန်၊ မတ်လ(၂၃)ရက်။

UAEနိုင်ငံ၊ ဒူဘိုင်းမြို့၌ မတ်လ(၈)ရက်နေ့မှ (၂၁)ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့် Special Olympic World Games-2019 ပြိုင်ပွဲသို့Special Olympic Myanmar ဉာဏ်ရည် မသန်စွမ်း အားကစားအသင်းမှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးစိန်ဝင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံဘိုးလင်း အဖွဲ့ချုပ်ဥက္ကဌ ဦးမျိုးအောင်၊ နည်းပြ(၃)ဦး၊ အားကစားသမား(၉)ဦးတို့ သွားရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၃)ခု ၊ကြေးတံဆိပ်(၂)ခုတို့ အသီးသီး အောင်မြင်မှု ရရှိခဲ့ကြပြီး အောင်ပွဲရ ဉာဏ်ရည် မသန်စွမ်း အားကစားအသင်းသည် ယမန်နေ့ည (၇)နာရီ Emirates EK-388 လေကြောင်းခရီးစဉ်ဖြင့် ဒူဘိုင်းမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘိုးလင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများSpecial Olympic Myanmar အသင်းမှ ဆရာ/မ များ၊ မိဘ ဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

Special Olympic World Games ပြိုင်ပွဲသည် (၄)နှစ်တစ်ကြိမ် ကျင်းပတာဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံပေါင်း(၁၉ဝ)ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ Special Olympic Myanmar ဉာဏ်ရည်မသန်စွမ်းအားကစားအသင်းက ပြေးခုန်ပစ်၊ ဘိုးလင်း၊ ဘိုချီ အားကစားနည်း(၃)မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြေးခုန်ပစ် အားကစားနည်းမှ မီတာ(၁ဝဝ)လမ်းလျှောက်ပြိုင်ပွဲ၌ မစုနန္ဒာဝင်းက ရွှေတံဆိပ်(၁)ခု၊ မီတာ(၂ဝဝ) အပြေးပြိုင်ပွဲ၌ မောင်ထွန်းသာရာက ရွှေတံဆိပ်(၁)ခု ၊မီတာ(၁ဝဝ)နှင့် မီတာ(၂ဝဝ) အပြေးပြိုင်ပွဲ၌ မခင်လပြည့်က ငွေတံဆိပ်(၁)ခုစီအားလည်းကောင်း၊ မောင်သီဟကျော်ဆန်းက မီတာ(၂၅) အပြေးပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခုနှင့် မီတာ(၅ဝ)အပြေးပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုတို့အားလည်းကောင်း၊ ဘိုချီပြိုင်ပွဲ၌ မခိုင်ဇာသွယ်က ကြေးတံဆိပ်(၁)ခု၊ ဘိုးလင်းပြိုင်ပွဲ၌ မောင်ရဲဘုန်းမော်က အဆင့်(၄)နှင့် မသဇင်အေးက အဆင့်(၇) အလျားခုန်ပြိုင်ပွဲ၌ မစုနန္ဒဝင်းက အဆင့်(၅) မီတာ(၂ဝဝ)အပြေးပြိုင်ပွဲ၌ မအိမွန်ကျော်က အဆင့်(၆)နှင့် မီတာ(၁ဝဝ) အပြေးပြိုင်ပွဲ၌ မောင်ထူးအောင်ရဲရင့်က အဆင့်(၈)တို့ အသီးသီး ဆုတံဆိပ်များ ရယူအောင်မြင်မှုရရှိခဲ့ကြပြီး အဆိုပါပြိုင်ပွဲအားလုံးတို့အား အောင်နိုင်ဆုများကို ပထမဆုမှ သတ္တမဆုအဆင့်ထိ ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
 


back to top Eng