ရန်ကုန်၊ အောက်တိုဘာလ( ၂၄ )ရက်။
အာဂျင်တီးနားနိုင်ငံတွင် အောက်တိုဘာလ (၆) ရက်နေ့မှ (၁၈)ရက်နေ့အထိ YOUTH OLYMPIC GAMES -2018 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအုပ်ချုပ်နည်းပြတစ်ဦး၊ ရွက်လှေအားကစားနည်းမှ တစ်ဦးနှင့် မြားပစ်အားကစား နည်းမှ တစ်ဦးတို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိကြရာ ကမ္ဘာ့အဆင့် YOUTH OLYMPIC GAMES -2018 မြားပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု လူငယ်လက်ရွေးစင် မြားပစ်အားကစားမယ် မပြည့်စုံနှင်း (အား/ကာသိပ္ပံ- မန္တလေး)က ကမ္ဘာ့နိုင်ငံပေါင်း(၃၂)နိုင်ငံမှ အားကစားသမားပေါင်း (၃၂)ဦးတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အမျိုးသမီးတစ်ဦးချင်းမီတာ(၆ဝ) Recurve ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၆)ဖြင့်အောင်ပွဲဆင်နိုင်ခဲ့ပြီး ယမန်နေ့ညနေ(၅)နာရီခွဲက လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများ၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါကမ္ဘာ့လူငယ်အိုလံပစ်အားကစားပြိုင်ပွဲဝင်ပြိုင်ရန်အတွက် မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်တွင် စခန်းသွင်းလေ့ကျင့်စေပြီး YOUTH OLYMPIC GAMES -2018 ကို လူငယ်မြားပစ် အားကစားမယ် ပြည့်စုံနှင်း (အား/ကာသိပ္ပံ-မန္တလေး)မှ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိပြီး ၊ အဲဒီမတိုင်ခင် အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သည့် YOUTH OLYMPIC GAMES -2018 လက်ရည်ဆန်းစစ်ပြိုင်ပွဲမှာ ကွာလာဖိုင်း ဝင်ခဲ့တာကြောင့် အာဂျင်တီးနားနိုင်ငံမှ ကျင်းပတဲ့ ကမ္ဘာ့လူငယ်အိုလံပစ်အားကစား ပြိုင်ပွဲကို ဆက်လက်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ မပြည့်စုံနှင်း ဟာဆိုရင် နိုင်ငံပေါင်း (၃၂)နိုင်ငံမှ အားကစားသမား(၃၂)ဦးပါဝင်ယှဉ်ပြိုင်ကြတဲ့ Recurve အမျိုးသမီးတစ်ဦးချင်း မီတာ (၆ဝ)မြားပစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်(၆)ရရှိခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်(၃၂)ဦးယှဉ်ပြိုင်ရာ (၂၄)ဦးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး နာမည်ကြီး ရုရှားကို (၆)မှတ် (၅)မှတ်ဖြင့်လည်းကောင်း၊ အီဂျစ်ကို (၆)မှတ်(၅)မှတ်ဖြင့်လည်းကောင်း၊ အသီးသီးအနိုင်ရရှိကာ နောက်ဆုံးပွဲ ကွာတားဖိုင်နယ် တက်ရောက်မည့်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် Ranking(1) အဆင့်ရှိ တရုတ်နိုင်ငံနှင့် ဆက်လက် ယှဉ်ပြိုင်ရာ တရုတ်ကို ရှုံးနိမ့် သွားပြီး အဆင့်(၆)နှင့် သာကျေနပ်ခဲ့ရတယ်၊ ဒီကလေးဟာ ဆိုရင် တကယ်ကို အရည်အချင်းရှိပြီး ပြိုင်ပွဲတိုင်းကို နိုင်လိုစိတ်ရှိခြင်း ကမ္ဘာ့နိုင်ငံအလယ်မှာ တစ်ဦး တည်းသွားရောက်ယှဉ်ပြိုင်ရ၍ စိတ်ဓါတ်မကျဘဲ မိမိရည်မှန်းချက်၊ နည်းပြဆရာများ၏ နည်းစနစ် မှာကြားချက်များကို တိကျလိုက်နာမှတ်သားပြီး ယခုပြိုင်ပွဲကိုရဲဝင့်စွာ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒီလို ကမ္ဘာ့အဆင့်ပွဲကြီး ကို အုပ်ချုပ်သူ/နည်းပြမပါရှိဘဲ၊ သူတစ်ဦးတည်းသွားရောက်ယှဉ်ပြိုင်ခဲ့ ပေမဲ့ လည်း စိတ်အားငယ်မှု၊ စိုးရိမ်မှုတွေရှိခဲ့ပေမဲ့လည်း ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်စဉ် ကာလအတွင်း ကျန်တဲ့ စိုးရိမ်စိတ်တွေကို မေ့ထားပြီး ပြိုင်ပွဲကိုအာရုံစိုက်ကာ အကောင်းဆုံးယှဉ်ပြိုင်သွားခဲ့လို့ ယခုလို ကမ္ဘာ့အဆင့်(၆)ကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကလည်း ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုကြတာဖြစ်ပြီး နောက်လာမည့်ပြိုင်ပွဲများနှင့် အကြိမ်(၃ဝ)မြောက် ဖိလစ်ပိုင်ဆီးဂိမ်းမှာပါ ယခုကမ္ဘာ့အဆင့်(၆)ရရှိတဲ့ ပြည့်စုံနှင်းကို အဖွဲ့ချုပ် ၏ ဆုံးဖြတ်ချက်ဖြင့် ပါဝင်ယှဉ်ပြိုင်စေဖို့ ဆက်လက်စခန်းသွင်းလေ့ကျင့်ပေးသွားမည်ဖြစ်ပါကြောင်း နှင့်ကမ္ဘာ့အဆင့်(၆)ရရှိသူ မပြည့်စုံနှင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မှလည်း ချီးကျူးဂုဏ်ပြုပါကြောင်းနှင့်မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဂုဏ်ထူးဆောင်ဥက္ကဌ ဒေါက်တာခင်ရွှေနှင့် အဖွဲ့ချုပ်ဥက္ကဌ ဦးဇေသီဟ ကလည်း ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၂ဝ)တိတိကို ဂုဏ်ပြုချီးမြှင့်ပါကြောင်းနှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး မှ ပြောကြားသွားခဲ့ကြောင်း သတင်းရရှိသည်။