နေပြည်တော်၊ အောက်တိုဘာ(၁၈)ရက်။
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိပြီး ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ မွန်ပြည်နယ်အသင်းမှ (၃)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်းအနိုင်ရရှိသွားပါသည်။
ဆက်လက်၍ ညနေပိုင်းပွဲစဉ်အဖြစ် ညနေ(၃)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၂)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိသွားပါသည်။
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲများကို (၂ဝ.၁ဝ.၂ဝ၁၇)ရက်နေ့ နံနက်(၇)နာရီခွဲ၌ တတိယလုပွဲအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ညနေ(၃)နာရီတွင် ဗိုလ်လုပွဲအဖြစ် မွန်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း ၌ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူ များအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။