skip to content

နေပြည်တော် ဒီဇင်ဘာ ၁၈။

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲ၏ ဗိုဗီနမ်ပြိုင်ပွဲ မှာ ယနေ့ ညနေပိုင်းက ပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာဗိုဗီနမ်အဖွဲ့က နိုင်ငံအလိုက် ပထမနေရာတွင် ရပ်တည်ခဲ့သည်။

မြန်မာဗိုဗီနမ်အဖွဲ့သည် နောက်ဆုံးနေ့တွင် ရွှေတံဆိပ်ရယူနိုင်ခြင်းမရှိဘဲ ငွေနှစ်ခု၊ ကြေးနှစ်ခုသာ ဆွတ်ခူးရရှိခဲ့သည်။  မြန်မာဗိုဗီနမ်အဖွဲ့အတွက်  ငွေတံဆိပ်ဆုများကို အမျိုးသား ၅၄ကီလိုတန်းမှ ဝိုင်းချစ်၊ အမျိုးသားတစ်ကိုယ်တော် လက်သိုင်းအပြပြိုင်ပွဲတွင် ကျော်သူ စိုးအောင်၊ ကြေးတံဆိပ်ဆုများကို အမျိုးသမီးနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် ခိုင်ကျော့ကျော့ဝေနှင့် ယဉ်သိမ့်ချော အတွဲ၊ အမျိုးသား သုံးဦးနှင့် အမျိုးသမီးတစ်ဦး အသင်းလိုက်အပြပြိုင်ပွဲတွင် သီတာမင်း၊ လပြည့်ဖြိုး၊ ဖြိုးမင်းခန့်နှင့် စိုင်းဖုန်းအောင်ဟိန်းအတွဲတို့က ရရှိခဲ့သည်။  ဗိုဗီနမ်ပြိုင်ပွဲအပြီးတွင် မြန်မာအသင်းက ရွှေငါးခု၊ ငွေငါးခု၊ ကြေးရှစ်ခုဖြင့် ဒုတိယ၊ ဗီယက်နမ်အသင်းက ရွှေလေးခု၊ ငွေသုံးခု၊ ကြေးနှစ်ခုဖြင့် တတိယ၊ လာအိုအသင်းက ရွှေနှစ်ခု၊ ငွေသုံးခု၊ ကြေးနှစ်ခုဖြင့် အဆင့်လေး၊ ထိုင်းအသင်းက ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခုဖြင့် အဆင့်ငါး၊ အင်ဒိုနီးရှားအသင်းက ရွှေတစ်ခု၊ ငွေတစ်ခုဖြင့် အဆင့်ခြောက်နေရာတွင် ရပ်တည်ခဲ့သည်။

မြန်မာဗိုဗီနမ်အဖွဲ့သည် ပြိုင်ပွဲအမျိုးအစား ၁၇မျိုးထည့်သွင်းကျင်းပရာတွင် ၁၄ မျိုး၌ ဆုတံဆိပ်ရယူနိုင်ခဲ့သည်။

 

 


back to top Eng