skip to content

ကွာလာလမ်ပူ၊ သြဂုတ်လ (၂၄)ရက်။

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် ၂ဝ၁၇ခုနှစ် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို ကွာလာလမ်ပူမြို့ရှိ အားကစားကွင်း/ရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ Maba Stadium အားကစားရုံ၌ ကျင်းပပြုလုပ်သော ဘတ်စကတ်ဘော ပြိုင်ပွဲ အမျိုးသားပွဲစဉ်တွင်  မြန်မာအမျိုးသားဘတ်စကတ်ဘောအသင်းနှင့် ထိုင်းအမျိုးသားဘတ်စကတ်ဘောအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းမှ မြန်မာအသင်းအား (၁၁ဝ)မှတ်၊ (၃၇)မှတ် ဖြင့်အနိုင်ရရှိသွား ပါသည်။ အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွအတွင်းရေးမှူး အာကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လိုက်လံကြည့်ရှုအားပေးပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်သည် National Shooting Range Center ၌ ကျင်းပပြုလုပ်သော သေနတ်ပစ်ပြိုင်ပွဲအား လိုက်လံကြည့်ရှု၍ အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပါသည်။ အဆိုပါ သေနတ်ပစ်ပြိုင်ပွဲ မီတာ(၁ဝ)ရိုင်ဖယ် ပစ်ခတ်စဉ် အမျိုးသမီးပြိုင်ပွဲတွင် မြန်မာမှသူသူကျော် ဝင်ရောက်ယှဉ်ပြိုင်ရာ (၆၁၁.၈)မှတ်ဖြင့် စတုတ္ထအဆင့်သာ ရရှိခဲ့ပါသည်။

ဆက်လက်၍   အမျိုးသမီး(၁ဝ)မီတာ လေပစ္စတိုပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မေပိုးဝါ ဝင်ရောက်ပစ်ခတ်ယှဉ်ပြိုင်ရာ (၂၃၄.၄)မှတ်ဖြင့် ပထမရွှေတံဆိပ်ဆုကို လည်းကောင်း၊   အမျိုးသားမီတာ(၅ဝ) လေရိုင်ဖယ် ဏမသညန ပြိုင်ပွဲတွင်  မြန်မာနိုင်ငံမှ ကောင်းထိုက် ဝင်ရောက် ယှဉ်ပြိုင်ပစ်ခတ်ရာ (၂၂ဝ.၂)မှတ်ဖြင့် တတိယကြေးတံဆိပ်ဆု ကိုလည်းကောင်း အသီးသီး ရရှိသွားပါသည်။ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးမီတာ(၁ဝ) လေပစ္စတိုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မြန်မာမှ မေပိုးဝါ၊ ငွေတံဆိပ်ဆုရ ဗီယက်နမ်၊ ကြေးတံဆိပ်ဆုရ မလေးရှားအားကစားသမားတို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်လွင်ဦးတို့မှ ဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ Titiwangsa  အားကစားရုံ၌ ကျင်းပပြုလုပ်သော ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား(၄)ယောက်တွဲ ပွဲစဉ်တွင် မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းမှ မလေးရှား ပိုက်ကျော်ခြင်းအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုသမီးပွဲစဉ်တွင် မြန်မာအမျိုးသမီး အသင်းမှ လာအိုအမျိုးသမီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိ သွားပါသည်။

ဆက်လက်၍ National Stadium KL Sport City Bakit Lit အားကစားကွင်း၌ ကျင်းပပြုလုပ်သော ပြေးခုန်ပစ်အားကစားနည်းမှ ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ အမျိုးသမီးပွဲစဉ်တွင် မြန်မာမှ M.စိုးဇာ ဝင်ရောက်ယှဉ်ပြိုင်ရာ (၄၅.၅၂)မီတာ အဆင့်(၅) ရရှိခဲ့ပါသည်။

ဆက်လက်၍ KICC Convention Center Hall (4) ၌ ကျင်းပပြုလုပ်သော ဘိလိယက်နှင့်စနူကာ အားကစားနည်းမှ စနူကာတစ်ဦးချင်းပြိုင်ပွဲ ကွာတာဖိုင်နယ်ပွဲစဉ်တွင် မြန်မာမှ ရဲဇော်ထက်နှင့် ဗီယက်နမ် အားကစားသမားတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ ရဲဇော်ထက် က(၂)ပွဲပြတ်ဖြင့် အနိုင်ရရှိပါသည်။ 

ဆက်လက်၍ 9 Ball နှစ်ယောက်တွဲပွဲစဉ် ဗိုလ်လုပွဲ၌ မြန်မာမှ မောင်မောင်နှင့်အောင်မိုးသူ အတွဲ၊ စင်္ကာပူနိုင်ငံအတွဲတို့ ယှဉ်ပြိုင်ကစားကြရာ (၉)ပွဲ၊ (၃)ပွဲဖြင့် မြန်မာမှ ရှုံးနိမ့်ကာ ဒုတိယငွေတံဆိပ်ဆုကို ရရှိခဲ့ပါသည်။

ဆက်လက်၍ ဒေသစံတော်ချိန် ညနေ(၅)နာရီတွင် Titiwangsa အားကစားရုံ ၌ ကျင်းပပြုလုပ်သော ပိုက်ကျော်ခြင်း(၄)ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအမျိုးသားအသင်းနှင့် အင်ဒိုနီးရှားအမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပါသည်။

ဆက်လက်၍ National Hockey Stadium အားကစားကွင်း၌ ကျင်းပပြုလုပ်သော အမျိုးသမီးဟော်ကီပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ (၃)ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်သွားပါသည်။

ဆက်လက်၍ Putrajaya & Nilai မြို့၌ ကျင်းပပြုလုပ်သော တာဝေးစက်ဘီးစီးပြိုင်ပွဲတွင် မြန်မာမှ စိုးသန့်၊ အောင်ဖြိုးဝေ၊ အောင်ဖြိုးမင်း၊ ဇင်လင်းကို တို့ဝင်ရောက်ယှဉ်ပြိုင်ရာ စံချန်(၃)နာရီ (၄၁)မိနစ်ရရှိပြီး ဆုတံဆိပ်ရရခဲ့ခြင်းမရှိပါ။

မနက်ဖြန်သြဂုတ်လ (၂၅)ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်မည့် ပွဲစဉ်များမှာ ရေကူး၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ဘိလိယက်တစ်ဦီးချင်း ဆီမီးဖိုင်နယ်၊ စနူကာတစ်ဦးချင်းဆီမီးဖိုင်နယ်၊ ခရစ်ကက်(အမျိုးသမီး)၊ ဂေါက်သီး တစ်ဦးချင်းနှင့်အသင်းလိုက်၊ ဟော်ကီ(အမျိုးသား)၊ ပီတန်း၊ ပိုက်ကျော်ခြင်းအမျိုးသား (၄)ယောက်တွဲ ဗိုလ်လုပွဲ၊ သေနတ်ပစ်(၁ဝ)မီတာလေပစ္စတို (အမျိုးသား)၊ squash၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး) တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

ယနေ့အထိ မြန်မာအားကစားအဖွဲ့ ရရှိထားသော ဆုတံဆိပ်များမှာ ရွှေ(၅)ခု၊ ငွေ(၆)ခု၊ ကြေး(၁၁)ခု ရရှိထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။


back to top Eng