ကွာလာလမ်ပူ၊ သြဂုတ်လ (၂၆)ရက်။
မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ နေသည့် ၂ဝ၁၇ခုနှစ် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို ကွာလာလမ်ပူမြို့ရှိ အားကစားကွင်း၊ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ Axiata Arena KL Sport City Bakit Jalil အားကစားကွင်း၌ ကျင်းပပြုလုပ်သော ကြက်တောင်ပြိုင်ပွဲတွင် အမျိုးသား (၂)ယောက်တွဲ ပွဲစဉ်အဖြစ် မြန်မာမှ အာကာဘုန်းမြတ်နှင့် ဟိန်းစည်သူအတွဲ၊ လာအိုနိုင်ငံမှ အတွဲတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိသွားပါသည်။ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်အဖြစ် မြန်မာမှ ခင်ရီလင်းနှင့် ထိုင်းနိုင်ငံအားကစားသမားတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ (၂)ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။ ဆက်လက်ပြီး အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်တွင် မြန်မာမှ သက်ထားသူဇာနှင့် မလေးရှားအားကစားသမားတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ (၂)ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။
ဆက်လက်၍ National Shooting Range Center Subang ၌ကျင်းပပြုလုပ်သော သေနတ်ပစ်အားကစားနည်းပြိုင်ပွဲမှ (၁ဝ)မီတာ လေပစ္စတို အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် မြန်မာမှ ကျော်စွာဝင်းနှင့် ရဲထွန်းနောင်တို့ ယဉ်ပြိုင်ခွင့်ရရှိရာ ကျော်စွာဝင်းမှ (၂၁၄.၈)မှတ်ဖြင့် ကြေးတံဆိပ်ရရှိပြီး ရဲထွန်းနောင်မှ (၁၉၄.၈)မှတ်ဖြင့် စတုတ္ထရရှိခဲ့ပါသည်။ အဆိုပါပြိုင်ပွဲများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။ဆက်လက်၍ KICC hall (5)တွင် ကျင်းပပြုလုပ်သော ဂျုဒိုပြိုင်ပွဲမှ အမျိုးသား(၆၆)ကီလိုတန်းတွင် မြန်မာမှ အောင်ဇေယျာထွန်းမှ ထိုင်းနိုင်ငံအားကစားသမား ကိုလည်းကောင်း၊ (၇၃)ကီလိုတန်းတွင် မောင်ဆန်းက ဗီယက်နမ်အားကစားသမားကို လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာမှ ခြူးမြတ်နိုးဝေမှ မလေးရှားအားကစားသမားကို လည်းကောင်း အသီးသီးရှုံးနိမ့်ခဲ့ပါသည်။ဆက်လက်၍ Titiwangsa အားကစားရုံ၌ ကျင်းပပြုလုပ်သော အမျိုးသားပိုက်ကျော်ခြင်း (၂)ယောက်တွဲ ပတ်လည်ပြိုင်ပွဲတွင် မနက်ပိုင်းပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိသွားပါသည်။ ညနေပိုင်းပွဲစဉ်တွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိသွားပါသည်။ အဆိုပါ အမျိုးသားအသင်းသည် ပတ်လည် နောက်ဆုံးပွဲစဉ်အဖြစ် မနက်ဖြန် သြဂုတ်လ (၂၇)ရက်နေ့တွင် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး အနိုင်ရရှိပါက အမှတ်အများဆုံးဖြင့် ပထမရွှေတံဆိပ်ဆုကို ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။ဆက်လက်၍MITEC Hall (1) ၌ကျင်းပပြုလုပ်သော အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားလျက်ရှိနေပါသည်။ဆက်လက်၍ Selayang Stadium အားကစားကွင်း၌ ကျင်းပပြုလုပ်သော အမျိုးသားဘောလုံးဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းမှ မြန်မာအသင်းအား အချိန်ပို(၉၄)မိနစ်တွင် သွင်းယူသောဂိုးဖြင့် အနိုင်ရရှိ သွားပါသည်။ အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဌ ဦးဇော်ဇော်တို့နှင့်တာဝန်ရှိသူများ မလေးရှားနိုင်ငံရှိ ဘောလုံးချစ် ပရိတ်သတ်များ ကွင်းလုံးပြည့်လာရောက်ကြည့်ရှုအားပေးကြပါသည်။ဆက်လက်၍ KICC Convention Center Hall (5) ၌ကျင်းပပြုလုပ်သော တိုက်ကွမ်ဒို အားကစားနည်းမှ အမျိုးသမီးတစ်ဦးချင်းကကွက်ပြိုင်ပွဲတွင် မြန်မာမှ သက်မြတ်နိုးဝေ ပါဝင်ယှဉ်ပြိုင်ရာ တတိယကြေးတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသားတစ်ဦးချင်း ကကွက် ပြိုင်ပွဲတွင် မြန်မာမှ ဆန်းရှိုင်းပါဝင်ယှဉ်ပြိုင်ရာ တတိယကြေးတံဆိပ်ကိုလည်းကောင်း အသီးသီးဆွတ်ခူး ရရှိခဲ့ပါသည်။သြဂုတ်လ(၂၇)ရက်နေ့တွင် မြန်မာအာကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်း များမှာ ရေကူး၊ ဒိုင်ပင်၊ စနူကာတစ်ဦးချင်း(ဆီမီးဖိုင်နယ်)၊ ဟော်ကီ (အမျိုးသား)၊ ဂျုဒိုတစ်ဦးချင်း (အမျိုးသား၊ အမျိုးသမီး)၊ ပိုက်ကျော်ခြင်းနှစ်ယောက်တွဲ (အမျိုးသား) ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်းသိရှိရပါသည်။ယနေ့အထိ မြန်မာအားကစားအဖွဲ့ ရရှိထားသော ဆုတံဆိပ်များမှာ ရွှေ(၆)ခု၊ ငွေ(၈)ခု၊ ကြေး(၁၅)ခု စုစုပေါင်း (၂၉)ခုရရှိထားကြောင်း သတင်းရရှိပါသည်။