skip to content

နေပြည်တော်၊ ဇန်နဝါရီလ(၂၀)ရက်။    

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Physical Fitness Dance သင်တန်းအမှတ်စဉ် (၁/၂၀၂၀)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီ၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများ နှင့်တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ သင်တန်း သား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့် အမှာစကား ပြောကြားရာတွင် " ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး " "Exercise is Medicine " ကို တစ်တိုင်းပြည်လုံး၊ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆောင်ရွက်စေရန် ရည်ရွယ်၍ Physical Fitness Dance သင်တန်းများကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ယနေ့ခေတ်အချိန်အခါတွင် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာပြီး နေထိုင်မှုပုံစံ ပြောင်းလဲလာသည်နှင့်အညီ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ ဗီဒီယိုဂိမ်းများနှင့် အချိန်ကုန်စေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာမှုကြောင့် ရောဂါဖြစ်ပွားမှုများ ပိုမိုများပြားလာသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ အားကစားကွင်း၊ ပန်းခြံ အစရှိသော အပန်းဖြေစရာနေရာများ နည်းပါးလာခြင်း၊ မော်တော်ယာဉ်များ များပြားလာခြင်း၊ လူဦးရေသိပ်သည်းမှု များပြားလာခြင်းနှင့် ကိုယ်ပိုင် အားလပ်ချိန် နည်းပါးလာခြင်း စသောအကြောင်းများကြောင့် ကိုယ်လက်လှုပ်ရှားမှုများ နည်းပါးလာခြင်း၏ နောက်ဆက်တွဲဖြစ်သော ဆီးချိုသွေးချို၊ နှလုံးရောဂါများ အမျိုးမျိုးဖြစ်ပွားပြီး ကျန်းမာရေးချို့တဲ့လာမှုများကို တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း၊ လူတိုင်း ကိုယ်လက်လှုပ်ရှားမှုကို တစ်ပတ်တွင် အနည်းဆုံး မိနစ်(၁၅၀)ပြုလုပ်သင့်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်သော (WHO)ကလည်း လမ်းညွှန်မှု ပြုထားပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ကျင်းပပြီးစီးခဲ့သည့် Healthy Myanmar Seminar နှင့် National Sports Seminar က ထွက်ပေါ်လာသော outcomes များကို ဆက်လက် အကောင်အထည်ဖော်သည့်အနေဖြင့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးဖြစ်သော Physical Fitness Dance သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ဒီကနေ့သင်တန်းကို တက်ရောက်လာကြသော သင်တန်းသား/ သင်တန်းသူ၊ ဆရာ/ဆရာမများအနေဖြင့် တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများတွင် ဆင့်ပွားသင်တန်းများ ဆက်လက်သင်ကြားပေးခြင်းအားဖြင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေး အသိပညာများစွာ ရရှိမည်ဖြစ်ပါကြောင်း ပညာရေး ဝန်ကြီးဌာနမှ တက္ကသိုလ်အားကစားအရာရှိများ၊ ကာယဆရာ/ ဆရာမများအနေဖြင့် မိမိတို့တွင်ရှိသော အရည်အချင်းများနှင့် သင်တန်းမှ ပို့ချလိုက်သော ပညာရပ်များ ပေါင်းစပ်၍ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများအားလုံးကို ကိုယ်လက်လှုပ်ရှား ဆောင်ရွက်နိုင်ရေးအတွက် ဟောပြောပွဲများ ပြုလုပ်တိုက်တွန်း စည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပညာရေးဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တက်ရောက် လာကြသော သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး  Physical Fitness Dance သင်တန်း အမှတ်စဉ်(၁/၂၀၂၀)သင်တန်းနည်းပြများမှ သရုပ်ပြသကာ ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သော သင်တန်း အမှတ်စဉ် (၁/၂၀၂၀)သင်တန်းကို (၂၀.၁.၂၀၂၀) မှ (၃၁.၁.၂၀၂၀) ထိ အခြေခံဦးစီးဌာနမှ သင်တန်းသား/ သင်တန်းသူ(၁၈၈)ဦး၊ အဆင့်မြင့်ပညာဦးစီးဌာနမှ သင်တန်းသား/ သင်တန်းသူ(၅၄)ဦး၊ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၂၄၂)ဦး တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

 

 

 

 

 

 

 

 

 

 

 

       

 

 


back to top Eng