နေပြည်တော်၊ ဇူလိုင်(၁၇)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်သည် ယနေ့နံနက်(၁ဝ)နာရီ အချိန်တွင် ရုံးအမှတ်(၃၁)၊ အစည်းအဝေးခန်းမ၌ (၁ဝ) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ဝင်များအား လိုအပ်သည်များကို တွေ့ဆုံလမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။
ရှေးဦးစွာ ပြည်ပသို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များမှ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်အား တစ်ဦးချင်းစီ မိတ်ဆက်ဂါရဝပြုကြပါသည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် Senior Ministry Official (SMO) ဦးကျော်ဆန်းမှ ဇူလိုင်လ(၁၉)ရက်နေ့မှ (၂၇)ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂ဝ၁၈ခုနှစ်၊ (၁ဝ) ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲသို့ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ကျွမ်းဘား၊ ကြက်တောင် Event (၇)မျိုးဖြင့် မလေးရှားနိုင်ငံ Kuala Lumpur နှင့် Shah Alam, Selangor တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများ၊ တည်းခိုနေထိုင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်မှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင်ရာတွင် အားကစားသမားများမှ အားကစားနည်းစံချိန်များကို ပိုမိုတိုးတက်အောင် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားပြီးဖြစ်၍ ရလဒ် ကောင်းများရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ အားကစားသမားများအနေဖြင့် ယခုယှဉ်ပြိုင်မည့် ကျောင်းသားအားကစားပြိုင်ပွဲမှစ၍ တက္ကသိုလ်အဆင့် အားကစားပြိုင်ပွဲများ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများထိ ဆက်လက် ယှဉ်ပြိုင်နိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ အားကစားအဖွဲ့ များမှ မိမိတို့အားကစားနည်း၏ အားနည်းချက်၊ အားသာချက်၊ အတွေ့အကြုံများနှင့် ပြိုင်ပွဲဝင်နိုင်ငံများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ပြင်ဆင်ပြီး အစဉ်အမြဲတိုးတက်၍ အောင်မြင်မှုများရရှိအောင် ကြိုးစားကြစေလိုကြောင်း မှာကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။