skip to content
 
ရန်ကုန်၊စက်တင်ဘာ(၂၈)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်သည် ယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ကျိုက္ကဆံကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံရှိပြည်ထောင်စုခန်းမ၌ကျင်းပသည့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင်အောက်တိုဘာ(၆)ရက်နေ့မှ (၁၃)ရက်နေ့အထိကျင်းပပြုလုပ်မည့် (၃)ကြိမ်မြောက်အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ဝင်များအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားပါသည်။
 
 
 
ရှေးဦးစွာ (၃)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ဝင်များမှ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်အား တစ်ဦးချင်းစီမိတ်ဆက်ဂါရဝပြုကြပြီးမြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမျိုးမြင့်က ပြိုင်ပွဲသို့သွားရောက်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။  
 
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြည်ထောင်စုဝန်ကြီးကိုယ်စား လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။
 
အဆိုပါ (၃)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲကို အားကစားနည်း (၁၈)နည်းဖြင့် ထည့်သွင်းကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ မျက်မမြင်စစ်တုရင်အားကစားနည်း (၄)နည်းမှ မသန်စွမ်းအားကစားအဖွဲ့ဝင်(၅ဝ)ဦး သွားရောက်ယှဉ်ပြိုင်ရန်အတွက် စေလွှတ်ရခြင်းဖြစ်ပါသည်။ အဆိုပါကစားသမားများကို ၂ဝ၁၈ခုနှစ်၊ မေလမှစ၍ စခန်းသွင်းလေ့ကျင့်ထားကြောင်း၊ ၂ဝ၁၄ခုနှစ် ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့မှာကျင်းပပြုလုပ်ခဲ့သည့် (၂)ကြိမ်မြောက်အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲမှာ (၄၁)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံမှ ရွှေ(၁)၊ ငွေ(၁)၊ ကြေး(၅)ခုရရှိခဲ့ပြီး၊ နိုင်ငံအလိုက်အဆင့်(၂၂)ရရှိခဲ့ပါကြောင်း၊ ပြိုင်ပွဲတွင်နိုင်ငံပေါင်း (၄၂)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ယခင်နှစ်များထက်ဆုတံဆိပ်များ ပိုမိုရရှိမည်ဟု မျှော်လင့်ထားပါသည်။
 
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်း၌ ပြည်ပသို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။
  
ရှေးဦးစွာ ပြည်ပသို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များမှ တစ်ဦးချင်းစီမိတ်ဆက်ဂါဝရပြုပြီး၊  တင်းနစ်အဖွဲ့ခေါင်းဆောင် ဦးစည်သူလွင်က အောက်တိုဘာ(၅)ရက်မှ (၁၄)ရက်အထိ 2018 '' Colourful Yunnan - Belt and Road Initiative '' Kunming International Tennis Tournament သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြ၍လည်းကောင်း၊ အလေးမအဖွဲ့ချုပ်အတွင်းရေးမှူး ဦးသီဟန်ကအောက်တိုဘာ(၁ဝ)ရက်မှ (၁၅)ရက်အထိ ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် 2nd EGAT King's Cup 2018 အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့သည်။
 
 
 
 
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအနေဖြင့် ပြိုင်ပွဲများတွင် စိတ်ဓါတ်တက်ကြွနိုင်လိုစိတ် အပြည့်ဖြင့် မိမိတို့၏ အားကစားနည်းပုံရိပ်ကို မြှင့်တင်နိုင်ရန် ယှဉ်ပြိုင်စေလိုကြောင်း၊ နည်းပြများအနေဖြင့် မိမိတို့ယှဉ်ပြိုင်မည့် ပြိုင်ဘက်နိုင်ငံအသင်း၏ အခြေအနေကိုလေ့လာ၍ ကြိုတင်သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ အားကစား စိတ်ဓါတ်ဆိုသည်မှာ မနိုင်နိုင်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ထားရှိရန်လိုအပ်ပါကြောင်း၊ စည်း/စနစ်ကျရန်လိုအပ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ဖို့နှင့် မိမိယှဉ်ပြိုင်သောအားကစားနည်းအပေါ် တိကျခိုင်မာသောစိတ်ဓါတ်များ၊ ခံယူချက်များရှိရန်လိုအပ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့ချုပ်များကလည်း လိုအပ်သည်များကိုပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများတွင် မျိုးဆက်သစ်လူငယ်များကိုလည်း ထည့်သွင်းအသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်သင်ကြားထားရှိရန် လိုအပ်ကြောင်းနှင့် ပြည်ပနိုင်ငံများသို့သွားရောက်ယှဉ်ပြိုင်ပြီးချိန်တွင် မိမိတို့အားကစားအဖွဲ့၏ အားနည်းချက်၊ အားသာချက်၊ အတွေ့အကြုံများကို အမြန်ဆုံးပြန်လည်သုံးသပ်ပြင်ဆင်ပြီး အစဉ်အမြဲတိုးတက်၍ အောင်မြင်မှုများရရှိအောင်ကြိုးစားသွားကြရန်လိုအပ်ပါကြောင်း မှာကြားခဲ့ပြီး လိုအပ်သည့်အားကစားပစ္စည်းများ ပံ့ပိုးပေးခဲ့သည်။
 
 
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်သည် ကျိုက္ကဆံကွင်းရှိ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သို့ရောက်ရှိရာ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ(AUG)ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသော မြားပစ်အားကစားသမားများအား တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

back to top Eng