skip to content

                                                                      

ရန်ကုန်၊ သြဂုတ်လ( ၁၃ )ရက်။  

မလေးရှားနိုင်ငံ(ကွာလာလမ်ပူမြို့)၌ သြဂုတ်လ(၉)ရက်နေ့မှ (၃ဝ)ရက်နေ့အထိ အိမ်ရှင်အဖြစ်ကျင်းပတော့မည့် (၂၉)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့များ သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး ဦးမျိုးလှိုင်နှင့် အတူ မြန်မာအားကစားအဖွဲ့ အုပ်ချုပ်မှုအဖွဲ့ခေါင်းဆောင်ဦးသက်လွင်၊ ဆေးအဖွဲ့(၂)ဦး၊ သတင်းပြန်ကြားရေးအဖွဲ့(၁၂)ဦး၊ အုပ်ချုပ်မှု ရုံးအဖွဲ့(၅)ဦးတို့က ယနေ့နံနက်(၁၁)နာရီက (MH-741) လေယာဉ်ဖြင့်လည်းကောင်း၊မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး (Jury Member) ၊ ဒိုင်လူကြီး/အုပ်ချုပ်သူ/နည်းပြအဖွဲ့နှင့် အားကစားသမား(၁ဝ)ဦးတို့သည် ယနေ့နံနက် (ဝ၈) နာရီက (AK-505) ဖြင့်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ အဆိုပါ အားကစားအဖွဲ့များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများက  ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

သြဂုတ်လ(၁၁)ရက်နေ့တွင် ဦးသန်းတိုးအောင် ဦးဆောင်သော မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် သြဂုတ်လ(၁၂)ရက်နေ့တွင် ဒေါ်မြတ်မြတ်ဦး ဦးဆောင်သော မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့သည်လည်း မလေးရှားနိုင်ငံသို့ ထွက်ခွာသွားရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၊ ဒုတိယဥက္ကဌများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။


back to top Eng