spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ အားကစားပြိုင်ပွဲများမှ ဆုတံဆိပ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော အားကစားအဖွဲ့ချုပ်များနှင့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် ဆုချီးမြှင့်

၂ဝ၁၈ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ အားကစားပြိုင်ပွဲများမှ ဆုတံဆိပ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော အားကစားအဖွဲ့ချုပ်များနှင့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် ဆုချီးမြှင့်

 

နေပြည်တော်၊ ဒီဇင်ဘာ(၇)ရက်။

၂ဝ၁၈ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ အားကစားပြိုင်ပွဲများမှ ဆုတံဆိပ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော အားကစားအဖွဲ့ချုပ်များနှင့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေ (၃)နာရီ အချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရုံးအမှတ် (၃၁) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများနှင့်တာဝန်ရှိသူများ၊ ဆုရရှိကြသော အားကစားသမားများ တက်ရောက်ကြပါသည်။

 

     

      ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် -

  • ယနေ့အခမ်းအနားတွင် အောင်မြင်မှုများရရှိခဲ့သည့် အားကစားသမားအသီးသီးနှင့် ပံ့ပိုးကူညီမှုများပေးခဲ့ကြသော အားကစားအဖွဲ့ချုပ်များအား ဂုဏ်ပြုပါကြောင်း၊
  • အားကစားတွင် အောင်မြင်မှုရရှိစေရန် ကြိုးစားခြင်းသည် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ဖော်ဆောင်နိုင်ခြင်းဖြစ်ပါကြောင်း၊
  • နိုင်ငံတကာအဆင့်တွင် အားကစားအောင်မြင်မှုများ ရရှိခဲ့သည်မှာ အားကစားသမားများ၏ ချွေး၊ သွေးကို အခြေခံ၍အားထုတ်ကြိုးပမ်းမှသာ ရရှိနိုင်သည့်အတွက် အဆိုပါ အားထုတ်ကြိုးပမ်းမှုများကို ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊
  • ရှေ့ဆက်လက်၍ အောင်မြင်မှုများရရှိနိုင်ရန်အတွက် သူတစ်ပါးအနေဖြင့် ဆောင်ရွက်နိုင်လျင် မိမိတို့လည်း ဆောင်ရွက်နိုင်မည်ဟူသော မခံချင်စိတ်ကိုအခြေခံ၍ ကြိုးစားဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊
  • အားကစားလေ့ကျင့်ရာတွင် ခွန်အားစိုက်ရန်လိုအပ်သလို သိပ္ပံနည်းကျလေ့ကျင့်ရန်လည်း လိုအပ်ပါကြောင်း၊
  • အားကစားတွင် အောင်နိုင်ရေးအတွက် အားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး အားကစားအဖွဲ့ချုပ်များအနေဖြင့်လည်း လေ့ကျင့်ရန်နေရာ အခက်အခဲရှိပါက ဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊
  • အားကစားသမားများအနေဖြင့် အာဟာရပြည့်ဝသော အစားအသောက်များစားသုံးရန်နှင့် လိုအပ်သော သတ္တုဓါတ်နှင့် ဗီတာမင်ဓါတ်များရရှိစေရန်အတွက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးမှ အမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနတို့နှင့် ပူးပေါင်းဆန်းစစ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
  • သိပ္ပံနည်းကျ နည်းစနစ်များဖြင့်လေ့ကျင့်နိုင်ရန်အတွက် B.Sc(Sports) သင်တန်း၏ သင်ရိုးညွှန်းတမ်းများကို လေ့လာသုံးသပ်၍ ခေတ်နှင့်အညီဖြစ်စေရန် ဆန်းစစ်ရမည် ဖြစ်ပါကြောင်း၊ အလားတူ အားကစားသိပ္ပံကျောင်း (၆)ကျောင်း၏ သင်ရိုးညွှန်းတမ်း များကိုလည်း သိပ္ပံနည်းကျဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစားသိပ္ပံတက်ရောက်သူများထဲမှ ထူးချွန်သူများကို ရွေးချယ်၍ သီးခြားစုပေါင်း လေ့ကျင့်လျှင် ပိုမိုကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာနိုင်သည်ဖြစ်၍ နေပြည်တော်တွင်ဖြစ်စေ စီစဉ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊
  • ဆုတံဆိပ်ရရှိအောင် စွမ်းဆောင်နိုင်သူ အားကစားသမားများ၏ ဘဝတက်လမ်းနှင့် အလုပ်အကိုင်ရရှိရေးအတွက် ဝန်ကြီးဌာနမှ စတင်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
  • အားကစားတွင် နေ့ခြင်း၊ ညခြင်း အောင်မြင်မှုရရှိရန်မှာ မဖြစ်နိုင်ပါကြောင်း၊ ယနေ့ ကာလတွင် အောင်မြင်မှုများရရှိစေရန် ဆောင်ရွက်ခဲ့သော ခေတ်အဆက်ဆက်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကာလတာရှည်ကူညီပံ့ပိုးပေးခဲ့သော အားကစားအဖွဲ့ချုပ်များအား အထူးကျေးဇူးတင်ရှိပါ ကြောင်း၊
  • (၂၀၁၈)ခုနှစ်အတွင်း ကျင်းပခဲ့သည့် နိုင်ငံတကာ အားကစားပြိုင်ပွဲပေါင်း (၈၀)ကြိမ် သွားရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ် (၃၃)ခု၊ ငွေတံဆိပ် (၃၄)ခုနှင့် ကြေးတံဆိပ် (၄၅)ခုဖြင့် စုစုပေါင်း ဆုတံဆိပ် (၁၁၂)ခုကိုလည်းကောင်း၊ မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည့် နိုင်ငံတကာအာကစားပြိုင်ပွဲပေါင်း (၁၅)ပွဲတွင် ရွှေတံဆိပ် (၂၃)ခု၊ ငွေတံဆိပ် (၁၉)ခုနှင့် ကြေးတံဆိပ် (၂၄)ခုဖြင့် စုစုပေါင်း ဆုတံဆိပ် (၆၆)ခုကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့သည့်အတွက် ကျေနပ်မိပါကြောင်း၊
  • အိမ်ရှင်အဖြစ် ကျင်းပနိုင်ခဲ့သော နိုင်ငံတကာ ပြိုင်ပွဲ (၁၅)ခုဖြစ်မြောက်စေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်ခဲ့သည့် အားကစားအဖွဲ့ချုပ်များအားလည်း ကျေးဇူးတင်ရှိ ပါကြောင်း၊
  • ပြိုင်ပွဲဝင်အားကစားသမားများအတွက် ဆုကြေးများအဖြစ် Asian Games ပြိုင်ပွဲအတွက် ရွှေတံဆိပ် (၅၀)သိန်း၊ ငွေတံဆိပ် (၃၀)သိန်းနှင့် ကြေးတံဆိပ် (၂၀)သိန်းစီ သတ်မှတ်ထားရှိပြီး အသင်းလိုက်ပြိုင်ပွဲအတွက် ကြေးတံဆိပ်တစ်ဦးလျှင် ကျပ် (၅)သိန်းစီ သတ်မှတ်ချီးမြှင့်မည်ဖြစ်ပြီး နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများအတွက် ဆုကြေးငွေအား ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံအရေအတွက်ပေါ်မူတည်၍ ခွဲခြားသတ်မှတ်ထားရှိပြီး အိမ်ရှင်လက်ခံကျင်းပသည့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများအတွက် ရွှေတံဆိပ် (၁၀၀)သိန်း၊ ငွေတံဆိပ် (၅၀)သိန်းနှင့် ကြေးတံဆိပ် (၃၀)သိန်းစီဖြင့် စုစုပေါင်း သိန်းပေါင်း (၁,၉၄၁)သိန်းအား ချီးမြှင့်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
  • ယခုဒီဇင်ဘာလ (၁၀)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အာဆီယံ တက္ကသိုလ်များ၏ (၁၉)ကြိမ်မြောက် အားကစားပြိုင်ပွဲအားလည်း အောင်မြင်စွာ ကျင်းပနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ရှေ့ဆက်လက်၍ မိမိတို့နိုင်ငံတွက် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
  • ပညာရေးကောင်းမွန်စွာ သင်ကြားနိုင်ရေးအတွက် ကျန်းမာရေးကောင်းမွန်ရန် လိုအပ်၍ ပညာရေးဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ ကျောင်းများတွင် အားကစားပြုလုပ်ခြင်း၊ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
  • မြန်မာအားကစားမောင်မယ်များအနေဖြင့် တင်းနစ်ကစားခြင်းကဲ့သို့ ဆုကြေးငွေ မြင့်မားစွာ ရရှိနိုင်သည့် အားကစားနည်းများတွင် ထူးချွန်စွာ ဆောင်ရွက်၍ အောင်မြင်မှုများ ရရှိစေလိုပါကြောင်း၊
  • (၂၀၁၉) ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်ဆောင်မည့် "(၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ" တွင်လည်း အောင်မြင်အောင် ဆောင်ရွက်ကြပါဟု မှာကြားလိုကြောင်း၊
  • အောင်မြင်မှုများရရှိခဲ့သော အားကစားသမား မောင်မယ်များအတွက် အထူး ဂုဏ်ယူပါကြောင်းနှင့် ရှေ့ဆက်လက် အောင်မြင်မှုများရရှိစေရေးအတွက် ဝန်ကြီးဌာနမှ အစွမ်းကုန် ကြိုးပမ်းပံ့ပိုး ဆောင်ရွက် သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ  အရှေ့တောင်အာရှအဆင့် ဖိတ်ခေါ်ပြိုင်ပွဲများဖြစ်သော (၈ဝ)ကြိမ်မြောက် စင်ကာပူ အလွတ်တန်း ဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲ၊ ၂ဝ၁၈ခုနှစ် ထိုင်းတံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲ၊ AFF (U-16)Women's Championship 2018 (ဘောလုံးပြိုင်ပွဲ)၊ AFF (U-16)Men's Championship 2018 (ဘောလုံးပြိုင်ပွဲ)တွင် ဆုရရှိခဲ့သော အားကစားသမားများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်မှလည်းကောင်း၊ (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ မလေးရှားနိုင်ငံတွင် ကျင်းပသော(၁ဝ)ကြိမ်မြောက် အာဆီယံ ကျောင်းသား အားကစားပြိုင်ပွဲ၊  2nd Yunnan ASEAN International hampionsihp 2018 ကြက်တောင်ရိုက်ပြိုင်ပွဲ၊ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော ၂ဝ၁၈ခုနှစ် တက္ကသိုလ်များ လှေလှော်ပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊ အရှေ့တောင်အာရှအဆင့် ဖိတ်ခေါ်ပြိုင်ပွဲများဖြစ်သော Thailand Future Arana Badminton Open 2018 ကြက်တောင်ရိုက်ပြိုင်ပွဲ၊ 7th South East Asian Open Archery Championships 2018 ပြိုင်ပွဲ၊ (၅)နိုင်ငံဖိတ်ခေါ် စက်ဘီးပြိုင်ပွဲ၊ တရုတ်-အာဆီယံ အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေးပြိုင်ပွဲ၊ Princess Chulabhorn Swimming Championship 2018  ဖိတ်ခေါ်ပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ လည်းကောင်း၊   အာရှအဆင့်ဖိတ်ခေါ်ပြိုင်ပွဲများဖြစ်သော အင်တာနေရှင်နယ် မာစတာ စစ်တုရင်ပြိုင်ပွဲ၊ 2018 Rayong NTT- ASTC Sprint Triathlon Asian Cup ပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှလည်းကောင်း၊  အာရှအဆင့်ဖိတ်ခေါ်ပြိုင်ပွဲများဖြစ်သော Indonesia Junior Amater Open  Golf  Championship 2018၊ ထိုင်းနိုင်ငံ ကရာတေးဒိုပြိုင်ပွဲ၊ Asiania Indoor Skydiving Championships နှင့် China Open 2018 တွင် ဆုရရှိကြသော အားကစားသမားများအား ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လည်းကောင်း၊ G2 Snooker International Championship 2018 ပြိုင်ပွဲ၊ (၅၂)မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ HKODA National & Open Championship 2018 ရွက်လှေပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား  အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်မှလည်းကောင်း၊ Penang Open Snooker Championship 2018 ပြိုင်ပွဲ၊ အာရှသက်ငယ်တန်း အသက်(၂၃)နှစ်အောက် ကနူး/ကယက် ဖိတ်ခေါ်ပြိုင်ပွဲ၊ (၄)ကြိမ်မြောက် အာရှဗိုဗီနမ်ပြိုင်ပွဲ၊ APJGA Master Final တွင် ဆုရရှိကြသော အားကစားသမားများအား အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ လည်းကောင်း၊ ကမ္ဘာ့အဆင့်ဖိတ်ခေါ်ပြိုင်ပွဲများဖြစ်သော Iran Fajr International Challenge 2018  ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကြက်တောင်ပြိုင်ပွဲ၊ Teens Giv.org Girls Junior Championship ဂေါက်သီးရိုက်ပြိုင်ပွဲ၊   Mauritius International 2018    ကြက်တောင်ရိုက်ပြိုင်ပွဲ၊ Egypt International 2018 ကြက်တောင်ရိုက်ပြိုင်ပွဲ တွင် ဆုရရှိကြသော အားကစားသမားများအား ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း၊ (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများ ဖြစ်သော ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ World Billiards & World Snooker Championship 2018 ပြိုင်ပွဲ၊ ဝူရှူးပြိုင်ပွဲ၊ ဒုတိယအကြိမ် ကမ္ဘာ့ဝူရှူး ထောက်လုပြိုင်ပွဲ တံခွန်စိုက်ပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှလည်းကောင်း ဆုများကိုအသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

  

ဆက်လက်၍ ဂုဏ်ပြုဆုရရှိသော အားကစားအဖွဲ့ချုပ်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုတံဆိပ်များကို ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ကရာတေးဒို၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ မြားပစ်၊ ဘိလိယက်နှင့်စနူကာ၊ ဝူရှူး၊ ဗိုဗီနမ်၊ ကာယဗလနှင့်ကာယအလှတို့မှ အားကစားအဖွဲ့ချုပ်များ၏ဥက္ကဌများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ လေထီး၊ လှေလှော်၊ ဘောလုံး၊ ဘော်လီဘော၊ စက်ဘီး၊ ဂေါက်သီး အားကစားအဖွဲ့ချုပ်များ၏ဥက္ကဌများကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ခဲ့ပါသည်။

 

ဆက်လက်၍ ဂုဏ်ပြုဆုရရှိသူ ဗိုဗီနမ်ဥက္ကဌ ဦးရဲမြင့်မှ ကျေးဇူးတင်စကားပြောကြားရာတွင် မိမိတို့အားကစားအဖွဲ့ချုပ်များ၏ ကြိုးစားအားထုတ်မှုကို နိုင်ငံတော်မှ အသိအမှတ် ဂုဏ်ပြုသည့်အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါကြောင်းနှင့် ကြည်နူးဝမ်းသာမှုများကို မဖော်ပြနိုင် လောက်အောင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

က်လက်၍ ဂုဏ်ပြုဆုရရှိသူ အားကစားသမားများကိုယ်စား ဝူရှူးအားကစားသမား ငြိမ်းချမ်းကိုကိုမှ နိုင်ငံတော်မှ ယခုလို အသိအမှတ်ဂုဏ်ပြုခဲ့သည့်အတွက် အားကစားသမားများ ကိုယ်စား ကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နောင်တွင်လည်း နိုင်ငံတော်တွင် ဆုတံဆိပ်များရရှိပြီး နိုင်ငံဂုဏ်ဆောင်နိုင်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

  

 

အဆိုပါအခမ်းအနားတွင် ပြိုင်ပွဲများသို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများအား ဆုကြေးများအဖြစ် Asian Games ပြိုင်ပွဲအတွက် ရွှေတံဆိပ်(၅ဝ)သိန်း၊ ငွေတံဆိပ်(၃ဝ)သိန်းနှင့် ကြေးတံဆိပ် (၂ဝ)သိန်းစီ သတ်မှတ်ထားရှိပြီး အသင်းလိုက်ပြိုင်ပွဲအတွက် ကြေးတံဆိပ် တစ်ဦးလျှင် ကျပ်(၅)သိန်းစီ၊ နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများအတွက် နိုင်ငံအရေအတွက်ပေါ်မူတည်၍ ခွဲခြားသတ် မှတ်ထားရှိပြီး အိမ်ရှင်လက်ခံကျင်းပသည့် ကမ္ဘာ့အဆင့် ပြိုင်ပွဲများ အတွက် ရွှေတံဆိပ်(၁ဝဝ)သိန်း၊ ငွေတံဆိပ်(၅ဝ)သိန်းနှင့် ကြေးတံဆိပ်(၃ဝ)သိန်းစီ တို့ဖြင့် ဂုဏ်ပြုဆုငွေ စုစုပေါင်း ကျပ်(၁၉၄၁)သိန်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%80%E1%80%AC-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%99%E1%80%BE-%E1%80%86%E1%80%AF%E1%80%90%E1%80%B6%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA